သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်တွင် လူသတ်မှု နှင့် လုယက်မှု ကျူးလွန်သူများအား DLEPS ဖမ်းဆီး
ဂွမြို့နယ်တွင် လူသတ်မှု နှင့် လုယက်မှု ကျူးလွန်သူများအား DLEPS ဖမ်းဆီး

AB News – သြဂုတ် ၂၁၊ ၂၀၂၅

ရက္ခိုင်ပြည်၊ ဂွမြို့နယ်တွင် လူသတ်မှုနှင့် ပစ္စည်းလုယက်မှုများ ကျူးလွန်ခဲ့သူ ဝိုင်းချစ်နှင့် ၎င်း၏ဇနီးသည်၊ ညီဝမ်းကွဲတော်စပ်သူတို့ကို DLEPS (အာရက္ခ​ပြည်သူ့လုံ​ခြုံ​ရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန) တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင် သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီတိုက်နယ်၊ ကျောက်ခေါင်းကွင်းရွာ၌ ဓားခုတ်မှု၊ လူသတ်မှုနှင့် လုယက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

သံတွဲမြို့နယ်၊ သွေးကျောက်ရွာနေ အဖ ဦးငပွား၏သား ဝိုင်းချစ်သည် ၎င်း၏ဇနီးသည်နှင့်အတူ ကျောက်ခေါင်းကွင်းရွာနေ အဖ ဦးဘရင်၏သား အသက် ၆၀ ခန့်အရွယ် ဦးလှဝင်း၏ နေအိမ်တွင် လာရောက်တည်းခိုခဲ့ကြောင်း သိရသည်။

ဦးလှဝင်းနှင့် ဝိုင်းချစ်တို့သည် မြေးနှင့် သမက်တော်စပ်ဖူး၍ ယခင်ကတည်းက ရင်းနှီးမှုများရှိခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

ဖြစ်စဉ်မှာ ဝိုင်းချစ်သည် ဦးလှဝင်း၏နေအိမ်၌ ခွေးသားချက်ပြုတ်ပြီး အရက်သောက်​နေစဉ် ကျောက်ခေါင်းကွင်းရွာနေ အဖ ဦးချစ်ဆွေ၏သား ငဇော်ဆိုသူနှင့် စကားများရာမှ ဓားဖြင့်ခုတ်ခဲ့ရာ ဦးခေါင်းနှင့် လက်မောင်းတို့တွင် ဓားခုတ် ဒဏ်ရာ ( ၂ )ချက် ရရှိခဲ့သည်။

ဓားခုတ်မှုဖြစ်​နေစဥ်အတွင်း ၎င်းတို့ ၂ ဦးအား
ဝင်ရောက်ဟန့်တားခဲ့သည့် ဦးလှဝင်း၏ဇနီး ဒေါ်သဲသဲမှာလည်း လည်ပင်းတွင် ဓားခုတ်ဒဏ်ရာ ( ၁ )ချက် ရခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆူပူရမ်းကား​နေမှုကြောင့် ဦးလှဝင်းသည် ရွာတာဝန်ခံအိမ်သို့ သွားရောက်တိုင်ကြားရာ ဝိုင်းချစ်က လမ်းမှနေ၍ စောင့်နေခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ကျူးလွန်သူ ဝိုင်းချစ်သည် စောင့်ဆိုင်း​နေစဥ်အတွင်း စေတီကွင်းရပ်ရွာမှ အသက် ၄၄ နှစ်အရွယ် ဝင်းဇော်နှင့် ညောင်ပင်သာရပ်ရွာမှ အဖ ဦးသိန်းဝင်း၏သား အသက် ၃၀ နှစ်အရွယ် ပြည့်စုံကျော် (ခ) ငပြူးတို့ မောင်းနှင်လာသော ဆိုင်ကယ်ကိုလည်း ထပ်မံ ဟန့်တားခဲ့သည်။

ယင်းအပြင် ၎င်းတို့အား “တာဝန်ခံလား” ဟုမေးပြီး ဓားဖြင့်ခုတ်ခဲ့ရာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဝိုင်းချစ်သည် ဝင်းဇော် လွယ်ထားသော ငွေကျပ်နှစ်သိန်းခွဲပါ ပိုက်ဆံအိတ်ကိုလည်း ဓားဖြင့်ဖြတ်ယူထွက်ပြေးသွားခဲ့သည်။

ပိုက်ဆံအိတ်လုယူပြီးနောက် ဝိုင်းချစ်သည် ဦးလှဝင်းကို ခုတ်ရန် အတွက် ၎င်း၏နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်ကာ ဓားဖြင့် မသေမချင်း ဆက်တိုက်ခုတ်၍ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “ဝိုင်းချစ်က သူ့ဇနီးနဲ့အတူ ဦးလှဝင်းရဲ့အိမ်မှာ လာတည်းခိုတာကနေ စတာပါ။ သူတို့ကအရင်ကလည်း ဆွေမျိုးလိုမျိုး ရင်းနှီးဖူးတော့ ဦးလှဝင်းက သူ့အိမ်မှာ တည်းခွင့်ပြုခဲ့တယ်လို့ သိရတယ်။ အဲ့ဒီနေ့ညမှာ ဝိုင်းချစ်က အရက်သောက်ရင်း ငဇော်ဆိုတဲ့သူနဲ့ စကားများရာကနေ ဓားနဲ့ခုတ်ကြတာ။ ဦးလှဝင်းနဲ့ သူ့ဇနီးက ဝင်ဆွဲတော့ သူတို့လည်း ဒဏ်ရာတွေရသွားတယ်။ အဲ့ဒီနောက် ဦးလှဝင်းက ရွာတာဝန်ခံကို သွားတိုင်တဲ့အချိန် လမ်းမှာ ဝိုင်းချစ်က စောင့်နေပြီး တွေ့တဲ့သူတိုင်းကို ‘တာဝန်ခံလား’ လို့မေးပြီး ဓားနဲ့ခုတ်ခဲ့တာ။ နောက်ဆုံးတော့ ဦးလှဝင်းကိုပါ အိမ်ထဲထိလိုက်ပြီး ဓားနဲ့ခုတ်သတ်ပြီး ပစ္စည်းတွေပါ လုသွားတာပါပဲ”ဟု ဆိုသည်။
.
ထို့အပြင် အိမ်ပေါ်သို့တက်၍ ဗီရိုကိုရိုက်ခွဲကာ ငွေကျပ်သိန်း ၃၀ အပါအဝင် ရွှေထည်ပစ္စည်းများဖြစ်သည့် လက်ကောက် (၂) ကျပ်သား (၁) ကွင်း၊ ရွှေဆွဲကြိုး (၁) ကျပ်သား (၁) ကုံး၊ နားဒေါင်း (၂) ရံနှင့် ဆံညှပ် (၁) စုံတို့ကို လုယူထွက်ပြေးခဲ့သည်။

လုယက်မှုများ ကျူးလွန်ပြီးနောက် ဝိုင်းချစ်သည် ၎င်း၏ဇနီးကိုခေါ်ကာ ဝင်းဇော်တို့ထံမှ လုယူလာသော ဆိုင်ကယ်ဖြင့် ဘိုကလေးဘက်သို့ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ပြစ်မှုကျူးလွန်သူ ဝိုင်းချစ်နှင့် ၎င်း၏ဇနီးသည်၊ ညီဝမ်းကွဲတော်စပ်သူအား ဖမ်းဆီးရမိရေးအတွက် ကျိန္တလီ DLEPS စခန်းမှ လိုက်လံရှာဖွေခဲ့ရာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဝိုင်းချစ်သည် ယခင်ကလည်း ဆိုင်ကယ်ခိုးမှုများကြောင့် ပြစ်မှုမှတ်တမ်းဟောင်းရှိကြောင်း သိရသည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ