ABN-ကိုဟိန်းထွန်း
ရခိုင်ပြည်၊ ဂွမြို့ကို အဓိက ရေဖြန့်ဝေပေးနေသည့် ကွင်းလျားရှည်ဆည်ရေလှောင်တမံခမ်းခြောက်လာနေသည့်အတွက် မတ်လ ၁၈ ရက်နေ့က စတင်ပြီးပြန်လည်တူးဖော်သွားမည်ဟုကောင်စီဝင်တစ်ဦးထံမှသိရသည်။
၎င်းဆည်ကိုတည်ဆောက်ခဲ့သည့်နေရာများတွင် ကုက္ကိုလ်ပင်များ ကျန်ခဲ့ရာ ၎င်းအပင်များသည် ရေကန်မှ ရေများကိုစုပ်ယူပြီး ခန်းခြောက်သွားရခြင်း၊ သုံးသည့်လူများပြားလာခြင်းနှင့်
အဆိုပါဆည်ကို ဆည်မြောင်းနှင့် ညှိနှိုင်းပြီး နောက်ထပ် ပေ ၂၀၀ လောက်တိုးချဲ့၍ ရေအိုင်နေရာများကိုပြန်လည်ရွေ့ပြောင်းတူးဖော်မည်ဖြစ်သည်ဟု ကောင်စီအဖွဲ့ဝင် ဦးလှတင့်က ABN ကိုသည်။
“ဒီဆည်ကိုတည်ဆောက်မယ့်နေရာတွေမှာ ကုက္ကိုလ်ပင်ကြီးတွေကျန်ခဲ့ပါတယ်၊ အဲ့ဒီအပင်ကြီးတွေက ကန်က ရေတွေကို စုပ်ယူတဲ့အတွက်ကြောင့် ခန်းခြောက်သွားရတာဖြစ်ပါတယ်၊ သုံးတဲ့လူတွေလည်းများတယ်၊ ကျနော်တို့က ဆည်မြောင်းနဲ့ညှိနှိုင်းပြီးတော့ နောက်ထပ် ပေ ၂၀၀ လောက် ဘီလူးခေါင်းနေရာကို တိုးချဲ့ဖို့စီစဥ်နေပါတယ်၊ ဒီနေ့ပဲ ကျနော် ဘက်ဟိုးနဲ့တူးဖော်ဖို့ရောက်နေပါတယ်၊ ကျနော်တို့ရဲ့ မြို့နယ်ဖွံံ့ဖြိုးရေးအတွက်ပေးထားတဲ့ ဘက်ဟိုး ၁စီးရှိပါတယ်၊ ဆည်မြောင်းတွေနဲ့ ညှိနှိုင်းပြီး ကုမ္ပဏီတွေက ကားတွေကိုလည်းအကူအညီတောင်းပြီးတော့ ပြန်လည်တူးဖော်ဖို့ လုပ်နေပါတယ်” ဟုဆိုသည်။
ဂွဒေသတွင် ရေတွင်းတူး၍ ရေအလွယ်တကူရရှိနိုင်သော်လည်း ထုံးဓာတ်များသည့်အတွက် ရေသန့်ရရှိရန် ဆည်မှရရှိသော ရေကို မှီခိုအားထားရကြောင်းနှင့် ရေရှည်အတွက် ဆည်ရေကို အသုံးပြုနိုင်ရန်အတွက် တိုးချဲ့တူးဖော်ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
“ကျနော်တို့ဒေသမှာ တွင်းရေတွေကိုသုံးလို့ရပါတယ်၊ ဒါပေမယ့် ရေချိုအနေနဲ့တော့ အဲ့ဒီဆည်ကနေ ရေသန့်လိုချင်တာပေါ့ ၊ကျနော်တို့ဒေသကတော့ ကမ်းခြေဒေသဖြစ်တဲ့အတွက် ဘယ်နားရေတွင်းတူးတူး အဆင်ပြေပါတယ်၊ ဒါပေမယ့် ရေရှည်မှာ ဒီရေတွေက ထုံးဓာတ်များတဲ့အတွက်ကြောင့် အဆင်မပြေဘူး၊ သောက်သုံးရေးရှားပါးလာမှာမို့ကြိုတင်ပြီးဖယ်ထားတာပါ၊ လာမယ့်နှစ်တွေမှာတော့ တော်တော့ကိုအဆင်ပြေမယ်” ဟု ဆိုသည်။
၎င်းဆည်မှ ရေကို ဂွမြို့နယ်ရှိ ကွင်းလျားရှည်ရွာ နှင့် ချောင်းကုန်းရွာများဖြစ်သည့်အပြင် ဂွမြို့ပေါ်ရှိရပ်ကွက် ၃ ခုကိုရေပေးဝယ်နေကြောင်းသိရသည်။
ထိုဆည်သည် မြေသားရေလှောင်တမံဖြစ်ပြီး အလျား ၂၅၃ပေ၊ အမြင့် ၅၀ ပေ နှင့် အကျယ် ၂၀ ပေရှိ၍ ကွင်းလျားရှည်ရွာ နှင့်အနီးအနားရွာများသောက်သုံးရေ ဖူလုံစွာရရှိရန်တည်ဆောက်ထားသည့်တမံဖြစ်သည်။
ရေလှောင်တမံ၏ကုန်ကျစရိတ်များကို ဆည်မြောင်းဌာမှထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ မြို့နယ်ဖွံ့ဖြိုးရေးစက်များဖြစ်သည့်အတွက် စက်သုံးဆီခန့်မျှသာကုန်ကျနိုင်ပြီး ကုန်ကျငွေများကို အနီးရှိ ဂဏန်း ပုစွန်မွေးမြူရေး ကန်များမှ အလှူခံယူမည်ဟု ပြောသည်။
“ကုန်ကျစရိတ်ကိုတော့ ဆည်မြောင်းဌာနကထောက်ပံ့ပေးမယ်၊ စက်တွေက မြို့နယ်ဖွံ့ဖြိုးရေးစက်တွေဖြစ်တဲ့အတွက်ကြောင့် ဆီဖိုးပဲကုန်မှာပေါ့၊ ဒီမှာ ဂဏန်း၊ ပုစွန်တွေ မွေးမြူရေးကန်တွေရှိတယ်၊ အဲ့ဒီကန်ပိုင်ရှင်တွေကို ကျနော်တို့ကအလှူခံတဲ့အခါ၊ သူတို့တွေက ဆီထည့်ပေးတယ်၊ မဟုတ်ရင်သူတို့ ယန္တရားတွေကိုအကူညီတောင်းမလို့ပေါ့၊ သူတို့ယန္တရားတွေက စီမံကိန်းပြီးရင် ပြန်သွားတဲ့အတွက်ကြောင့် ဆီဖိုးကိုသူတို့က လှူပေးမယ်ပေါ့ ၊ရန်ပုံငွေကိုတော့အစိုးရဆီမှ မတောင်းထားပါ” ဆိုသည်။
၎င်းဆည်ကို ၂၀၁၈ -၂၀၁၉ ခုနှစ်များတွင် ဂွမြို့နယ်ရှိ ကွင်းလျားရှည်ရွာအနီးမှာတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။








