Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂျပန်က လှူဒါန်းထားသည့် သင်္ဘောများကို စစ်တပ်က အသုံးပြုနေသဖြင့် စစ်ကောင်စီကို ဂျပန် တရားဝင်ကန့်ကွက်

ဂျပန်က လှူဒါန်းထားသည့် သင်္ဘောများကို စစ်တပ်က အသုံးပြုနေသဖြင့် စစ်ကောင်စီကို ဂျပန် တရားဝင်ကန့်ကွက်

ABN-ရာဟု

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းထားသည့် သင်္ဘောများကို မြန်မာစစ်တပ်က စစ်ရေးကိစ္စတစ်ချို့တွင် အသုံးပြုနေသည့်အတွက် စစ်ကောင်စီထံ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Ono Hikariko က တရားဝင်ကန့်ကွက်ထားသည်ဟု​သိရသည်။

ဂျပန်နိုင်ငံက ယခုအဖြစ်အပျက်များကို တားဆီးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကာ မှန်ကန်သည့်နေရာများတွင်သာ ဆက်လက်အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည်ဟု Ono Hikariko က ပြောဆိုကြောင်း ဂျပန်သတင်းဌာန NHK သတင်းတွင် ဖော်ပြသည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း ရေကြောင်းသွားလာရေးများ အဆင့်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အတွင်း လူစီးသင်္ဘော ၃ စီး တန်ဖိုး ယန်း ၁.၅ ဘီလီယံခန့် ရှိ လူစီးသင်္ဘော ၃စီးကို လှူဒါန်းထားခဲ့သည်။

“ဂျပန်နိုင်ငံ၏ လူမှုစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်း အစီအစဉ်ဖြင့် ရခိုင်ပြည်သို့ ခရီးသွားလူစီး ရေယာဉ်(၃)စီးကို ရခိုင်ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ပိုမို လုံခြုံမှု ရရှိစေရန်ရည်ရွယ်ပါသည်” ဟု ဂျပန်သံရုံးက၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် အာဏာသိမ်းစစ်ကောင်စီက ဂျပန်မှလှူဒါန်းထားသည့် သင်္ဘောများကို စစ်ရေးကိစ္စရပ်များတွင် အသုံးပြုနေသည်ဟု ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် အစီရင်ခံစာတွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သို့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်နှင့်ပစ္စည်းများ သယ်ယူရာတွင် ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် သင်္ဘော ၂စီးဖြင့် အသုံးပြုခဲ့သဖြင့် ဂျပန်အစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများပေးရန် ရပ်ဆိုင်ထားသင့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အာဏာသိမ်းစစ်အစိုးရအရာရှိများကို ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်သင့်သည်ဟု HRW ကထောက်ပြထားခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီသည် ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် လက်နက်များ သယ်ယူရာတွင် ဂျပန်မှလှူဒါန်းထားသည့် သင်္ဘောများကို အသုံးပြုနေသည်မှာ မှန်ကန်သည်ဟု ယုံကြည်နေပြီးထိုအတွက် အထူးစိတ်မကောင်းဖြစ်ရကာ နောက်ထပ်မဖြစ်စေရန် စစ်ကောင်စီကို တောင်းဆိုထား​သည်ဟု NHK ၏ ရေးသားချက်တွင် ပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ