Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်တွင် AA ကဖမ်းချုပ်ထားသည့် အချုပ်သား သေဆုံးမှုမှာ ရိုက်နှက်ဒဏ်ရာများကြောင့် မဟုတ်ဟု ဆေးစစ် ဆရာဝန်က အတည်ပြုပြော

ကျောက်ဖြူမြို့နယ်တွင် AA ကဖမ်းချုပ်ထားသည့် အချုပ်သား သေဆုံးမှုမှာ ရိုက်နှက်ဒဏ်ရာများကြောင့် မဟုတ်ဟု ဆေးစစ် ဆရာဝန်က အတည်ပြုပြော

ABN-ရှိုင်းမိုး

အောက်တိုဘာ ၁၃ရက်

ကျောက်ဖြူမြို့နယ်တွင် AAမှဖမ်းဆီးချုပ်နှောင်ထားသည့် အချုပ်သားသေဆုံးမှုသည် ရိုက်နှက်သည့် ဒဏ်ရာကြောင့်မဟုတ်ဟု ရင်ခွဲစစ်ဆေးသည့်ဆရာဝန်က အတည်ပြုပြောဆိုကြောင်း သိရသည်။

သေဆုံးသွားသည့် အသက် ၂၄နှစ်အရွယ် ကိုအောင်နိုင်၏ ရုပ်အလောင်းအား ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုပြင်းထန်သည့်ဒဏ်ရာကြောင့်ဟုတ်/မဟုတ်ကိုအတည်ပြုသိရှိရန်အတွက် နီးစပ်သည့် ဆေးရုံတစ်ခုတွင် ရင်ခွဲစစ်ဆေးခဲ့စဥ် ၎င်းကိုယ်ခန္ဓာတွင် သကြားဓာတ် ဆုံးရှုံးမှုနှင့် အသည်းခြောက်သည့် ရောဂါလဏ္ခဏာ တွေ့ရှိရကြောင်း ဆရာဝန်က ပြောသည်ဟု သိရသည်။

အဆိုပါဆေးစစ်သည့်ဆရာဝန်နှင့် ဆေးရုံတို့ကို လုံခြုံရေးအရမဖော်ပြခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

“သူ့အလောင်းကိုခွဲစိပ်ကြည့်တော့ ခန္ဓာကိုယ်အတွင်း ရိုက်နှက်ဒဏ်ရာမတွေ့ရဘူးလို့ပြောပါတယ်၊ သူကအရင် အရက်သောက်ဖြစ်ခဲ့တဲ့ပုံ​ပဲ၊ ဘာလို့ဆိုရင် သူသေဆုံးရတာက သကြားဓာတ်နည်းတာနဲ့ အသည်းခြောက်နေတွေ့ရတယ်၊ တခြားလက္ခဏာမတွေ့ရဘူး” ဟုဆေးစစ်ဆေးချက်အရသိရကြောင်း ပြောသည်။

၎င်းဖြစ်စဥ်သည် ဇွန်လ ၂၂ရက်နေ့က ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက် စံပြစျေးဆိုင်အနီးရှိလမ်းမပေါ်မှ Wave-100 ဆိုင်ကယ်အမျိုးအစားတစ်စီးပျောက်ဆုံးသွားသည်ကို ဆိုင်ကယ်ပိုင်ရှင်မှ ULA/AAသို့ သွားရောက်တိုင်းကြားထားခဲ့ရာ ULA/AAရဲတပ်ဖွဲ့မှ အဆိုပါအမှုကို လိုက်လံစုံစမ်းရှာဖွယ်ချိန်တွင် သြဂုတ်လ ၂၅ရက်နေ့က သံသယတရားခံ ကိုအောင်နိုင်ကို ခိုးရာပါဆိုင်ကယ်နဲ့အတူဖမ်းမိခဲ့သည်ဟုသိရသည်။

ကိုအောင်နိုင်ကို ကျောက်ဖြူမြို့နယ် ရက္ခိုင့်တပ်တော် နယ်မြေရဲစခန်းက ဥပဒေပုဒ်မ ၃၇၉ (ခိုးမှု) အရတရားစွဲချက်တင်ထားပြီး အောက်တိုဘာလ ၁၀ရက်နေ့က သက်ဆိုင်ရာရဲစခန်း အချုပ်မှ ၁ကြိမ်ထွက်ပြေးခဲ့ပြီး နယ်မြေရဲဌာနမှ ပြန်လည်ဖမ်းဆီးခဲ့သည်ဟုသိရသည်။

အလားတူ အောက်တိုဘာလ ၁၁ရက်နေ့ကလည်း ကိုအောင်နိုင်သည် ဒုတိယအကြိမ်ထွက်ပြေးခဲ့စဥ် နယ်​မြေရဲဌာနမှ ပြန်လည်ဖမ်းဆီးချိန်တွင် အဖမ်းမခံဘဲ ၎င်းမှပြန်လည် ခုခံတိုက်ခိုက်ခဲ့သောကြောင့် ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များမှ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူက AB News သို့ပြောသည်။

ဖမ်းဆီးပြီး အချုပ်ခန်းတွင် ထိန်းသိမ်းထားစဥ် ထိုနေ့ ညဥ့် ၁၀ နာရီကျော်အချိန်က အိမ်သာတစ်ကြိမ်သွားခဲ့ပြီး၊ ညည့် ၂နာရီအချိန်တွင် ဒုတိယအကြိမ် အိမ်သာသွားရာတွင် အိမ်သာကထွက်လာပြီး အိမ်သာအနီး၌ အသက်ရှုကြပ်ပြီး ရင်ဘတ်အောင့်ကာ အသက်ဆုံးရှုံးခဲ့သည်ဟုသိရသည်။

“သူက အိမ်သာ ၂ကြိမ်သွားခဲ့ပါတယ်၊ ဒုတိယအကြိမ်မှာ အသက်ရှုကြပ်တယ်ဆိုပြီးပြောပါတယ်၊ အဲဒီမှာ ချက်ချင်းကြီးအသက်ဆုံးရှုံးသွားပါတယ်၊ ကျနော်တို့ ဆေးမှူးတွေနဲ့ ကယ်တာတောင်မရလိုက်ပါဘူး” ဟုဆိုသည်။

ကိုအောင်နိုင်၏ ရုပ်အလောင်းအား ဆေးရုံတွင် ရင်ခွဲစစ်ဆေးနိုင်ရန် မိသားစုအား သက်ဆိုင်ရာတာဝန်ရှိသည့်လူများက ဖုန်းဆက်ခေါ်ယူခဲ့သည်။ မိသားစုက သေဆုံးသွားပြီဖြစ်သည့်အတွက် မလာချင်တော့ကြောင်းပြောပြီး အလောင်းကိုသာ ရွာသို့ ပြန်လာပို့ရင်ရပြီဟုပြောကြောင်း တာဝန်ရှိသူက ပြောသည်။

ရုပ်အလောင်းကို ခွဲစိပ် စစ်ဆေးရာတွင် ဒုတ်ဖြင့်ရိုက်သည့် ခန္ဓာကိုယ်တွင်း ဒဏ်ရာမတွေ့ရဘဲ သေဆုံးသူ၏ ခန္ဓာတွင် သိကြားဓာတ်ဆုံးရှုံးနေခြင်းနှင့် အသည်းခြောက်ရောဂါတို့ကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆရာဝန်က မှတ်ချက်ပေးပြောကြောင်း ဆိုသည်။

ကိုအောင်နိုင်၏ နောက်ကျောတွင် ​တုတ်ဖြင့် ရိုက်ထားသည့်ဒဏ်ရာ ၄ချက်၊ ခြေထောက်နှင့် ပေါင်တို့တွင် တုတ်ဖြင့်ရိုက်ခဲ့သည့်ဒဏ်ရာများရရှိခဲ့သည်။

သေဆုံးသွားသည့် ကိုအောင်နိုင်အား ရိုက်နှက်ခဲ့သူများအားလည်း ရက္ခိုင့်တပ်တော်မှ စစ်ဆေး အရေးယူဆောင်ရွက်သွားမည်ဟု ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ကိုအောင်နိုင်၏ ရုပ်အလောင်းကို ယမန်နေ့အောက်တိုဘာ ၁၂ ရက်နေ့က ရက္ခိုင့်တပ်တော် ရဲအဖွဲ့နှင့် တပ်ဖွဲ့ဝင်များက မိသားစုထံ လာရောက်အပ်နှံ့ခဲ့ကြသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ