Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့တွင် ဖမ်းဆီးခံထားရသည့် IDPစခန်းမှ မူဆလင်ဒုက္ခသည် ၁၃ ဦးနှင့် အရပ်သားရက္ခိုင်ပြည်သူ ၆ ဦးအား စစ်ကောင်စီမှ ဒေသန္တရဥပဒေဖြင့် အမှုဖွင့်

ကျောက်ဖြူမြို့တွင် ဖမ်းဆီးခံထားရသည့် IDPစခန်းမှ မူဆလင်ဒုက္ခသည် ၁၃ ဦးနှင့် အရပ်သားရက္ခိုင်ပြည်သူ ၆ ဦးအား စစ်ကောင်စီမှ ဒေသန္တရဥပဒေဖြင့် အမှုဖွင့်

AB News – ဒီဇင်ဘာ ၂၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဖမ်းဆီးခံထားရသည့် IDPစခန်းမှ မူဆလင်ဒုက္ခသည် ၁၃ ဦးနှင့် အရပ်သားရက္ခိုင်ပြည်သူ ၆ ဦးအား စစ်ကောင်စီအဖွဲ့မှ ဒေသန္တရဥပဒေဖြင့် ယမန်နေ့ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် အမှုဖွင့်ခံထားရကြောင်း AB News က စုံစမ်းသိရှိရသည်။

ဒေသန္တရဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ

ကျောက်တလုံး IDP မူဆလင်စခန်းမှ ဒုက္ခသည် ဒေါ်ကလျာ၊ မသင်္ဂီထွန်း မယေးလေးဝါ၊ မကျန်းချီး၊ ဒေါ်ပုပု၊ ဒေါ်မြင့်မြင့်ဝေ၊ ကိုဖိုးတောင်၊ ဦးဆော့လီရာမော့၊ ကိုဘစော၊ ကိုဟာလီ၊ ကိုစိုးမင်းထွန်း၊ ကိုစိုးပိုင်ထွန်း နှင့် ဦးညီနိုင် ဖြစ်ပြီး ဂုံးချွိန်ရွာမှ ဦးသိန်းဝင်း၊ ဦးဟန်ဝင်းအောင်၊ ဒေါ်လှလှဝင်း၊ ဒေါ်ဝင်းဝင်းအေး ဒေါ်ခင်ထွေးရီ နှင့်ဒေါ်လှမြင့်သန်းဖြစ်သည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ၇ နာရီတွင် IDP စခန်းမှ ဒုက္ခသည် မူဆလင်များအပါအဝင် အရပ်သား​ပြည်သူ ၂၁ ဦး တို့သည် ကျောက်ဖြူမြို့သို့ ဟင်းသီးဟင်းရွက်များရောင်းရန် GTC အနီးမှ ဖြတ်သွားစဥ် လေယာဥ်ကွင်းအနီး၌ လုံခြုံရေးချထားသော ကျောက်ဖြူမြို့အခြေစိုက် ခလရ ( ၃၄) မှ အင်အား ၃၀ ကျော်ခန့်ရှိသော စစ်ကောင်စီနှင့် ရဲများပူးပေါင်းပြီး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအား စစ်ဆေးမေးမြန်းပြီး ဂုံးချွိန်ရွာမှ အသက်မပြည့်သည့် ကျောင်းသား ၂ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်ချက် သတင်းအရ သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် စစ်ကောင်စီအဖွဲ့သည် IDPစခန်းမှ မူဆလင်ဒုက္ခသည် ၁၃ ဦးနှင့် အရပ်သားရက္ခိုင်ပြည်သူ ၆ ဦးအား စစ်ကောင်စီအဖွဲ့မှ ဒေသန္တရဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း အမှုနှင့်နီးစပ်သူမြို့ခံ ၁ဦးက AB News သို့ ပြောသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ရက်နေ့က ဂုံးချွိန်ရွာက ရွာသား ၈ဦးနဲ့ IDP စခန်းက မူဆလင် ၁၃ကို လေယာဥ်ကွင်း အနီးမှာ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့တယ်။ မ​နေ့က ဒီဇင်ဘာလ ၁၉ရက်နေ့မှာ ဂုံးချွိန်ရွာက ရွာသား ၆ဦးနဲ့ IDP စခန်းက မူဆလင် ၁၃ ယောက်ကို စစ်ကောင်စီအဖွဲ့က ဒေသန္တရဥပဒေနဲ့ အမှုဖွင့်ခဲ့တယ်။ သူတို့က ကျောက်ဖြူမြို့ကို လာတဲ့ လမ်းတွေကို ပိတ်ထားတော့ ​ဒီက ပြည်သူတွေမှာ စားနပ်ရိက္ခါတွေ ပြတ်လပ်နေကြတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ စစ်ကောင်စီအဖွဲ့သည် ကျောက်ဖြူမြို့အား ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့ပြီး ကျောက်ဖြူမြို့နယ်မှ စားနပ်ရိက္ခါများ ပြတ်တောက်လျှက်ရှိသည်။

စစ်ကောင်စီအဖွဲ့သည် ကျောက်ဖြူမြို့သို့ ခွင့်ပြုချက် မရဘဲ စည်းကမ်းဖောက်ဖျက်ပြီး ဝင်လာသူများအား စံပြအနေနဲ့ ဖမ်းဆီး၊ အရေးယူမည်ဟု မြို့နယ်ထွေအုပ်ရုံးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မှာကြားထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည့်အပြင် အရပ်သားပြည်သူများကိုလည်း မတရားဖမ်းဆီးမှုများကို နေ့စဥ်ရက်ဆက် ပြုလုပ်လျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ