Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့တွင် ထမင်းဆိုင် ၁၀ ဆိုင်ကို စစ်ကောင်စီမှ ဖျက်သိမ်းခိုင်းသဖြင့် ဆိုင်ရှင်များမှာ ဖြိုဖျက်လိုက်ရ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်မှ ခိုင်းစေမှုကြောင့် ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းတွင်ရှိသည့် ထမင်းဆိုင် ၁၀ ဆိုင်ကို ဆိုင်ပိုင်ရှင်များမှာ ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

စစ်ကောင်စီမှ လမ်းလုပ်မည့်အစီအစဉ်ရှိသဖြင့် ထမင်းဆိုင်ခန်းများမှာ လမ်းနယ်နှင့် မလွတ်ဟုဆိုကာ ဖျက်သိမ်းခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူတို့က လာပြောတယ်၊ ထမင်းဆိုင်တွေက လမ်းနယ်ထဲမှာ ဝင်နေတယ်လို့ပြောတယ်၊ သူတို့က လမ်းလုပ်မယ်ဆိုပြီးတော့ လာဖျက်ခိုင်းတာပါ၊ ကျွန်မတို့ ဒီနေရာမှာ ဆိုင်ရောင်းလာတာ နှစ်ပေါင်း ၂၀ လောက်ရှိနေပါပြီ၊ သူတို့လာကောက် တဲ့ လစဉ်ကြေးတွေကိုလည်း ပုံမှန်ပေးခဲ့တာပါ၊ အခုကျမှ လမ်းနယ်နှင့် မလွတ်ဘူးဆိုပြီး လာဖြိုခိုင်းတာပါ ဟု ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် ဆိုင်များကို ဖျက်သိမ်းခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှစကာ စစ်ကောင်စီဘက်မှ တုန့်ပြန်လာခြင်း တစုံတရာမရှိသေးသည့်အတွက် အလုပ်များကိုလည်း ရပ်တန့်ထားရကာ လက်ရှိတွင် ဖျက်သိမ်းလိုက်ရသည့် ထမင်းဆိုင်များအပါအဝင် ဆုံးရှုံးမှုမှာ သိန်း ရာချီထိရှိနေသည်ဟု ထိုထမင်းဆိုင်ပိုင်ရှင်မှ ပြောသည်။

ဆိုင်တွေဖျက်ထားတာ တစ်လလောက်ရှိနေပြီ၊ သူတို့ဘက်က အခုထိအကြောင်းပြန်ထားတာတော့ မရှိသေးပါဘူး၊ ကျွန်မတို့လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ ဖျက်လိုက်ရတာတွေအတွက် လျှော်ကြေးပဲရမလား၊ မရဘူးလားဆိုတာတော့ မသိသေးပါဘူး၊ ဆုံးရှုံးတာတွေတော့ သိန်း ရာချီရှိနေပါပြီ၊ အဲဒီအတွက် တကယ်ဝမ်းနည်းရပါတယ် ဟု ၎င်းကဆက်ပြောသည်။

ဆိုင်များကို ဖျက်သိမ်းခိုင်းစဉ်က စစ်ကောင်စီတပ်မှ ရိုးရိုးတန်းတန်းဖျက်သိမ်းခိုင်းခဲ့ခြင်းမဟုတ်ဘဲ ခြိမ်းခြောက်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။

ကျွန်တော်တို့ကို ဆိုင်တွေကို လာဖျက်ခိုင်းတယ်၊ တကယ်လို့ မဖျက်ဘူးဆိုရင် သူတို့ဘက်ဟိုးစက်သုံးပြီး ဖြိုမယ်၊ အဲအချိန်ကျမှ ဘာမှမကျန်ခဲ့ဘဲ ဖြစ်သွားလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ၊ ကျွန်တော်တို့မှာကလည်း သူတို့ဖျက်ရင် ဆုံးရှုံးတာတွေများမှာ ကြောက်လို့ ကိုယ်တိုင်ပဲ ဖျက်လိုက်ရတာပါ ဟု ပြောသည်။

ဆိုင်များကို ဖျက်သိမ်းလိုက်ရသည့်အတွက် ဆိုင်ပိုင်ရှင်များမှာ အလုပ်များကို ရပ်တန့်ထားရသကဲ့သို့ ဝင်ငွေမရှိဘဲဖြစ်နေကာ အလွန်ပင်စိတ်မကောင်းဖြစ်နေကြရကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ အစောပိုင်းခန့်ကလည်း ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးအနီးရှိ မုန့်တီဆိုင်ကြီးတစ်ဆိုင်နှင့် ဆိုင်အသေး နှစ်ဆိုင်ကိုလည်း စစ်ကောင်စီတပ်မှ ဖိအားပေးဖြိုခိုင်းခဲ့သည့်အတွက် ဆိုင်များကို ဖြိုဖျက်လိုက်ရကြောင်း သိရသည်။

ဓာတ်ပုံ-ကျောက်ဖြူတွင်ဖြိုဖျက် ခံလိုက်ရသည့် ဈေးဆိုင်များ/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ