Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်မှ ULA/ AAနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ခံထားရသည့် အရပ်သားများ ထွက်ပြေးနေရ

ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်မှ ULA/ AAနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဝရန်းထုတ်ခံထားရသည့် အရပ်သားများမှာ ထွက်ပြေးနေရကြောင်း သိရသည်။

ဖမ်းဝရမ်းထုတ်ခံထားရသည့် အရပ်သား စုစုပေါင်း ၇၁ ဦးကို ဖမ်းဆီးရန် စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၃နာရီခွဲက ကျောက်ဖြူထွေအုပ်ရုံးတွင် ကျောက်ဖြူမြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ခေါ်ကာ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ရဲမှူးတို့မှ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲခံထားရသည့် သူများ ရပ်ကွက်များသို့ ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာ ရဲစခန်း (သို့မဟုတ်) ဌာနသို့ တိုင်ကြားရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့အပြင် ကျောက်ဖြူအခြေစိုက် ခမရ ၃၄တပ်ရင်းမှ ကျောက်ဖြူမြို့ရှိ ရပ်ကွက်များနှင့် လူနေအိမ်များကို ဧည့်စာရင်းစစ်သွားမည်ဖြစ်ကြောင်းလည်း ထိုအစည်းအဝေးတွင် စာရွက်ဖတ်ပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးမှာ ဖမ်းဝရမ်းထုတ်ထားတာ ၇၁ ယောက်တောင်ရှိတယ်လို့ပြောတယ်၊ သူတို့လည်း အဲသတင်းရရချင်းမှာဘဲ အကုန်တိမ်းရှောင်နေကြရတာ၊ ULA/ AAနှင့် ဆက်စပ်တယ်လို့ သံသယရှိလို့ဆိုပြီး ထုတ်ပြန်ထားတာလို့ကြားပါတယ် ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးဝရမ်းထုတ်ခံထားရသည့် သူများစာရင်းနှင့် ဧည့်စာရင်းစစ်ဆေးနေမှုကို ABNမှ ဆက်လက်စုံစမ်းလျက် ရှိသည်။

၎င်းအပြင် မောင်တောတွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့က မောင်တောမြို့ ရပ်ကွက် ၆ ခုမှ အရပ်သား ၁၀၀ ကျော်ကို ဖမ်းဝရမ်းထုတ်ထားသည့်အတွက် ဖမ်းဝရမ်းထုတ်ခံထားရသည့် အရပ်သားများမှာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်မှ ULA/ AAနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ခံထားရသည့်  အရပ်သားများ ထွက်ပြေးနေရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ