Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့တွင် စစ်ကောင်စီ ဝန်ထမ်း ၃ သုံးဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား၊ ယခင်ဖမ်းဆီးထားသော ဝန်ထမ်းများအားပြန်မလွှတ်ပေးသေး

Arakan Bay News -ABN

နိုဝင်ဘာလ ၁၃ ရက်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်မှ စစ်ကောင်စီ ဝန်ထမ်း ၃ ဦးအား ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့က အစိုးရပ်ကွက် တိုက်တန်းဝန်ထမ်းအိမ်ယာမှ ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့ တရားလွှတ်တော်ရှေ့နေ ဦးဦးဆန်းဝင်း ၄၅ နှစ်၊ လဝကရုံးမှ ဒုဦးစီးအရာရှိ ဒေါ်မကြည် ၄၄နှစ်နှင့် ရေကြောင်းရဲဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးထက်ဝေလင်း ၃၀ နှစ်တို့အား ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ တိုက်တန်းဝန်ထမ်းအိမ်ယာမှ နေ့လည်ပိုင်းတွင် စကစတပ်မှ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို ဝန်ထမ်း ၃ ဦးအား စစ်ကောင်စီတပ်မှ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားခြင်းကိုမူ မသိရသေးချေ။

“စစ်ကောင်စီတပ်က နေ့လည်က တစ်ယောက်၊ ညနေက နှစ်ယောက် လာဖမ်းသွားတာ၊ ဘာကြောင့်လဲတော့ မသိဘူး၊ အခုက ဝန်ထမ်းတွေတောင် မလွှတ်ပေးတော့ဘူး အကုန်လိုက်ဖမ်းနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နေ့လည်ပိုင်းတွင်လည်း အရပ်သား ၂ ဦးအား ဖမ်းဆီးရန် စစ်ကောင်စီတပ်မှ ထိုသူတို့၏ အိမ်များကို ဝန်းရံကာ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသေးသည်။

သို့သော်လည်း ထို ၂ ဦးမှာ ဖမ်းဆီးမခံခဲ့ရဘဲ လွတ်မြောက်သွားကြကြောင်း သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း ကျောက်ဖြူတွင် မြေစာရင်းဦးစီးမှူးနှင့် ရုံးဝန်ထမ်းတို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့်အပြင် ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် အုပ်ချုပ်ရေးမှူးရုံးများမှ ဝန်ထမ်းများအားလည်းဖမ်းဆီးသွားခဲ့သည်။

၎င်းတို့ထဲမှ မြေစာရင်းရုံးမှ နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်သူများမှာ ယနေ့အချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးသည့်အပြင် မိသားစုများနှင့်လည်း အဆက်အသွယ်မရသေးကြောင်း ABN မှ စုံစမ်းရရှိသည်။

ကျောက်ဖြူတွင် ယခုလ နိုဝင်ဘာလအတွင်း စစ်ကောင်စီခန့်ဝန်ထမ်းများနှင့် အရပ်သားအရေအတွက် စုစုပေါင်း ၁၆ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးထိန်းသိမ်းထားလျက် ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။