ABN – ကိုဟိန်းထွန်း
ရခိုင်ပြည်၊ ကျောက်ဖြူခရိုင်၊ မြို့ချောင်းတိုက်နယ် ကျောက်ခမောက်ကျေးရွာအနီး ရှောက်ချောင်းထဲတွင် ပေ၂၅ ပေကျော်၊ လက်တောင်အား ၁၈ တောင်ခန့်ရှိသည့် ဝေလငါးမန်းကြီး ၁ ကောင်သောင်တင် သေဆုံးလျှက်တွေ့ရှိသည်ဟု ဒေသခံတစ်ဦးမှ ABN ကိုဖုန်းဆက်ပြောဆိုသည်။
အဆိုပါ ဝေလငါးမန်းကြီးကို ဧပြီလ ၁ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်တွင်သောင်ပြင်ပေါ်၌တွေ့ရှိခဲ့ကြောင်း ရွာသား ၁ ဦးက ပြောသည်။
“နေ့လယ် ၁၂နာရီလောက်ကတွေ့ပါတယ် ၊ ကမ်းစပ်နားမှာဆိုတော့ ရေတစ်ပိုင်း ရွံ့တစ်ပိုင်းနဲ့ မသေးမကွဲဖြစ်နေတယ်၊ အနီးအနားသွားကြည့်တော့အရမ်းကြီးတယ်၊ (ငါးမန်းဘူပြောက်) ဝေလငါးမန်း ကိုမြင်တော့ လန့်သွားတာပဲ၊ ရွာသား ၁ဝဝ လောက်သယ်ယူနေရပါတယ် “ဟု ဆိုသည်။
၎င်းကျောက်ခမောက်ရွာအနီးတွင်ရှည်လားသောမြစ်များရှိပြီး သဲသောင်ပြင်ကြီးရှိသဖြင့် ဒေသခံများမကြာခဏ ငါးဖမ်း ပိုက်ချလေ့ရှိကြောင်းသိရသည်။
ယခင်က ရှောက်ချောင်းထဲတွင် ငါးမန်းများရှိသည်သာမက မိကျောင်းများလည်းရှိကြောင်း ဒေသခံမှ ပြောသည်။
“အဲ့ဒီချောင်းမှာ ငါးမန်းတွေရှိပါတယ်၊ ဒါ့အပြင် မိကျောင်းတွေလည်းရှိတယ်၊ လူတွေကမသွားရဲဘူး၊ သွားရင်လည်း ရင်တထိတ်ထိတ်နဲ့ ဟိုကြည့် ဒီကြည့်သွားရတာ၊ မိကျောင်းတွေလည်း ရံဖန်ရံခါတွေ့ရပါတယ်” ဟု ပြောသည်။
ထိုဝေလငါးမန်းကြီးကို ရွာသူ ရွာသားများက ကုးပေါ်သို့ သယ်ယူပြီး သက်ဆိုင်ရာသို့ အပ်နှံသွားမည်ဟု ရွာသားများက ပြောသည်။




