ABN – ရှိုင်းမိုး
ကျောက်ဖြူမြို့တွင် AA နှင့်ဆက်စပ်၍ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁ ) ဖြင့်တရားစွဲဆိုခံထားရသူများကို မေလ ၅ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ၂၁ ကြိမ်မြောက်ရုံးထုတ်ရာတွင် စစ်ကောင်စီ တရားလိုရောက်လာသည်ဟုသိရသည်။
စစ်ကောင်စီဖက်မှ တရားလိုလုပ်ပြီးတရားစွဲဆိုထားသည့် တရားလို ၂ဦးမှာ ဗိုလ်ကြီး ရှိုင်းထက်အောင်နှင့် ဗိုလ်အဆင့်ရှိသူ တစ်ဦးတို့ဖြစ်ကြသည်။ ထို ၂ဦးထဲက ဗိုလ်ကြီးရှိုင်းထက်အောင်ရောက်ရှိသည်ဟုသိရသည်။
“တရားလိုက ၂ ယောက်ပါ၊ ဒါပေမယ့် ဒီနေ့ တစ်ယောက်ရောက်ပါတယ်၊ ဒါကလည်း ၂၁ ကြိမ်မြောက်ထဲက တရားလိုရောက်တာပထမဆုံးအကြိမ်ပါ” ဟုအမှုနှင့် ဆက်စပ်သည့်မိသားစုတစ်ဦးကပြောသည်။
တရားလိုဖြစ်သည့် ဗိုလ်ကြီးရှိုင်းထက်အောင်ကို တရားခံ ရှေ့နေမှ ဖမ်းဆီးခံထားရသူများ၏ဖုန်းများကိုသိမ်းဆည်ထားသလားဟုမေးရာတွင် တရားလိုမှ သိမ်းဆည်းထားကြောင်း မရှိဟုပြောဆိုသည်။
“စစ်ဆေးတာထွေထွေထူးထူးမဟုတ်ပါဘူး၊ ဖုန်းတွေအကြောင်းကိုမေးတာပါ၊ ရှေ့နေက တရားခံဖုန်းတွေကို သိမ်းထားလားလို့မေးတယ်၊ ရှိုင်းထက်အောင်က မသိမ်းဘူးပြောတယ်။ ဒီလောက်ပါပဲ “ ဟု ဆိုသည်။
မေလ ၅ရက်နေ့က ရုံးထုတ်သူများမှာ ၁၇/၁ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် ၄ ဦးကို ရုံးထုတ်စစ်ဆေးခဲ့သည်ဟုသိရသည်။
အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို ၂၀၂၂ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈နာရီအချိန်တွင် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်သား ၆ဦးက ၎င်း၏နေအိမ်ကို ဝင်ရောက်ကာ မျက်နှာကိုအဝတ်ဖြင့်စည်း၍ ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူတွင် AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၆၀ ခန့်ထိ ရှိနေပြီး၊ အချို့ကို ရုံးထုတ်စစ်ဆေးသော်လည်း တရားလိုမရောက်၍ အမှုကြန့်ကြာနေကြရသည်။