Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် AAနှင့်ဆက်စပ်၍ ၁၇ (၁) ဖြင့် တရားစွဲခံထားရသူများအား ၁၈ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလို ထပ်မံပျက်ကွက်

ကျောက်ဖြူတွင် AAနှင့်ဆက်စပ်၍ ၁၇ (၁) ဖြင့် တရားစွဲခံထားရသူများအား ၁၈ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလို ထပ်မံပျက်ကွက်

ABN – ရှိုင်းမိုး

ကျောက်ဖြူမြို့တွင် AA နှင့်ဆက်စပ်၍ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁ ) ဖြင့်တရားစွဲဆိုခံထားရသူများကို ဧပြီလ ၁၉ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ၁၈ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုထပ်မံ ပျက်ကွက်သည်ဟုသိရသည်။

စစ်ကောင်စီတပ်က တရားလိုလုပ် တရားစွဲထားသည့် အမှုမှာ တရားလို အကြိမ်ကြိမ်ပျက်ကွက်နေမှုအား စွပ်စွဲခံထားရသည့် မိသားစုဝင်များက ဝေဖန်နေကြသည်။

“တရားလိုက စပြီးတရားရုံးထုတ်တဲ့နေ့ကတည်းက ဒီနေအကြိမ်ထိ တခါမျှမရောက်သေးပါဘူး၊ တရားလိုလုပ်တဲ့သူကို တခါမျှမြင်ဖူးသေးတာလဲမရှိဘူး၊ ဥပဒေအရ တရားမျှတမှုကိုလုပ်ပေးတာမဟုတ်ဘူးလား၊ ငွေမျက်နှာလိုက်လုပ်ပေးတာလား၊ ဒါမှမဟုတ် ကိုယ်ကျိုးအတွက်လား၊ သူတို့အခုလုပ်နေတာကိုလဲကြည့်ပါအုံး၊ ဘာအဓိပ္ပါယ်ရှိလို့လဲ၊ မစစ်ရင်ရုံးထုတ်စရာမလိုပါဘူး” ဟု အမှုရင်ဆိုင်နေရတဲ့မိသားစုဝင်တစ်ဦးကပြောသည်။

ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် တရားစွဲခံရသူ ၁၄ ဦးကို ရုံးထုတ်ခဲ့သော်လည်း တရားလိုမ‌ရောက်သည့်အတွက် ဧပြီ ၂၆ ရက်နေ့သို့ ထပ်မံရုံးချိန်းရွှေ့လိုက်ကြောင်း ဦးဝင်းမောင်၏ သမီးကပြောသည်။

“ဘာမှစစ်ဆေးတာမရှိပါဘူး၊ ဘာမှလည်းပြောစရာမရှိတော့ဘူး၊ ပြောဖို့အင်အားတွေလည်းမရှိတော့ပါဘူး” ဟု ၎င်းကဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို ၂၀၂၂ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈နာရီအချိန်တွင် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်သား ၆ဦးက ၎င်း၏နေအိမ်ကို ဝင်ရောက်ကာ မျက်နှာကိုအဝတ်ဖြင့်စည်း၍ ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဖက်မှ တရားစွဲဆိုထားသည့် တရားလို ၂ဦးမှာ ဗိုလ်ကြီး ရှိုင်းထက်အောင်နှင့် ဗိုလ်အဆင့်ရှိသူ တစ်ဦးတို့ဖြစ်ကြပြီး ၎င်းတို့မှာ တစ်ကြိမ်တစ်ခါမျှ ရုံးချိန်းတက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ကျောက်ဖြူတွင် AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၆၀ ခန့်ထိ ရှိနေပြီး အမှုများကို ရုံးထုတ်နေသော်လည်း တရားလိုမရောက်ဘဲ အချုပ်ထဲတွင် နှစ်ချီကြာ ချုပ်နှောင်ခံထားကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။