Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ရဲဝန်ထမ်းတပ်ကြပ် ၃ ဦးအမှုတရားလိုမရောက်၍ အချိန်ကြန့်ကြာနေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် တရားစွဲခံထားရသည့် ရဲဝန်ထမ်း ၃ ဦး၏ အမှုမှာ တရားလိုမရောက်၍ နှောင့်နှေးကြန့်ကြာနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က AA နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် ကျောက်ဖြူတရားရုံးတွင် တရားစွဲခံထားရသည့် ရဲတပ်ကြပ် ၃ဦး ဖြစ်သည့် လေကြောင်းရဲ ဦးမောင်မောင်အေး၊ ရေကြောင်းရဲ ဦးထက်ဝေလင်းနှင့် ဦးမျိုးဝင်းအောင်တို့အား ကျောက်ဖြူအခြေစိုက် ခမရ ၃၄ မှ တပ်ရင်းမှူးမှ တရားလိုလုပ်ကာ တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခဲ့သည့် နိုဝင်ဘာလမှ စကာ ထိုရဲတပ်ကြပ် ၃ ဦးအား ရုံးချိန်းချိန် အကြိမ်များစွာရှိခဲ့သော်လည်း တရားလိုဖပ်မှ ရုံးချိန်းကို တစ်ကြိမ်တစ်ခါမှ တက်ရောက်ခဲ့ခြင်းမရှိခဲ့ကြောင်း အမှုနှင့်ရင်းနှီးသူတစ်ဦးက ပြောသည်။

ရုံးချိန်းတာတော့ အကြိမ်ရေမနည်းတော့ပါဘူး၊ လေးငါးကြိမ်လောက်တော့ရှိပြီ၊ တရားလိုဖက်က ရုံးချိန်းချိန်တွေ တစ်ခါမှ မလာခဲ့ပါဘူး ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ရုံချိန်းချိန်ကို မှန်မှန်ကန်ကန်မတက်ရောက်ခြင်းမှာ အမှုကို အချိန်ပိုကြာအောင် လုပ်နေတာဖြစ်ပြီး တရားရုံးကိုလည်း မလေးစားရာကျကြောင်း ၎င်းကဆက်ပြောသည်။

သူတို့က တရားရုံးကိုလည်းအတက်ရောက်ဘူး၊ ရုံးချိန်းချိန်တွေကလည်း ချိန်းတော့ချိန်းတယ်၊ သူတို့မတက်တော့ အကုန်ပျက်သွားရတယ်၊ အဲလိုမတက်ရင် အမှုကို ဖျက်သိမ်းလိုက်တာပိုကောင်းတာပေါ့၊ အခုက တဖက်ရှေ့နေရော၊ တက်ရောက်လာသူတွေနဲ့ တရားရုံးကို မလေးစားရာကျတယ် ဟု ပြောသည်။

ထိုရဲတပ်ကြပ် ၃ ဦးအား ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်နေ့က ကျောက်ဖြူအခြေစိုက် ခမရ ၃၄ စစ်ကောင်စီတပ်ရင်း မှ ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီသွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ၃ ဦးအားစစ်ကောင်စီတပ်မှ ဖမ်းဆီးထိန်းသိမ်းထားသည်မှာ တစ်လကျော်ထိ ရှိလာပြီဖြစ်သည်။

ထို့အပြင် ကျောက်ဖြူမြို့မှ ဖမ်းဆီးခံခဲ့ရသည့် စစ်ကောင်စီဝန်ထမ်းများအနက် တရားရုံးရှေ့နေ ဦးဆန်းဝင်းနှင့် လဝက ဒုဦးစီးမှူး ဒေါ် မကြည်တို့ကိုလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုထားသည်ဟု သတင်းများထွက်ပေါ်နေလျက်ရှိသည်။

ထိုအမှုကိုမူ ABNမှ အတည်ပြုဖော်ပြရန် စုံစမ်းနေဆဲဖြစ်သည်။

ကျောက်ဖြူတွင် ရဲဝန်ထမ်းတပ်ကြပ် ၃ ဦးအမှုတရားလိုမရောက်၍ အချိန်ကြန့်ကြာနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ