Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်စွပ်စွဲ ဖမ်းဆီးပြီး ၁၇ (၁) ဖြင့် တရားစွဲခံထားရသူများအား ၁၇ကြိမ်မြောက်ရုံးထုတ်၊ ၁၇ ကြိမ်လုံး တရားလိုပျက်ကွက်

ကျောက်ဖြူတွင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်စွပ်စွဲ ဖမ်းဆီးပြီး ၁၇ (၁) ဖြင့် တရားစွဲခံထားရသူများအား ၁၇ကြိမ်မြောက်ရုံးထုတ်၊ ၁၇ ကြိမ်လုံး တရားလိုပျက်ကွက်

ABN – ရှိုင်းမိုး

ကျောက်ဖြူမြို့တွင် AA နှင့်ဆက်စပ်၍ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁ ) ဖြင့်တရားစွဲဆိုခံထားရသူများကို ယနေ့ ၁၇ကြိမ်မြောက်ရုံးထုတ်သော်လည်း တကြိမ်တခါမျှ စစ်ကောင်စီတပ်က တရားလို ရုံးတက်ရောက်ခြင်းမရှိဟု သိရသည်။

စစ်ကောင်စီတပ်ဖက်က တရားလို တကြိမ်တခါမျှ တက်ရောက်ခြင်းမရှိဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေမှုအပေါ် အမှုသည်မိသားစုများ ဝေဖန်ပြစ်တင်လျက်ရှိနေကြသည်။

“ရုံးထုတ်တာ ၁၇ကြိမ်ရှိပြီ၊ တရားလိုက ၁ကြိမ်မျှမရောက်သေးပါဘူး၊ ကျွန်မတို့က ရုံးထုတ်တဲ့နေ့တွေဆိုရင်တခုခုများထူးမလားဆိုပြီးသွားရတာမောနေပြီး၊ ဒါပေမယ့် ယနေ့အချိန်ထိ ဘာထူးခြားမှုမှပေါ်လာတာမရှိဘူး၊ အပြစ်ရှိလို့ ဖမ်းသွားတယ်ဆိုရင် ဘာအပြစ်လဲဆိုတာစစ်ဆေးရမှာပေါ့၊ အခုက ဘယ်လိုလဲမသိဘူး၊ ကျွန်မကတော့ တအားစိတ်ပျက်တယ်” ဟု အမှုရင်ဆိုင်နေရသည့် မိသားစုဝင်တစ်ဦးကပြောသည်။

ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် တရားစွဲခံရသူ ၁၄ ဦးကို ရုံးထုတ်ခဲ့သော်လည်း တရားလိုမ‌ရောက်သည့်အတွက် ဧပြီ ၁၉ရက်နေ့သို့ ထပ်မံရုံးချိန်းရွှေ့လိုက်ကြောင်း ဦးဝင်းမောင်၏ သမီးကပြောသည်။

“ဘာမှစစ်ဆေးတာမရှိပါဘူး၊ ရုံးထပ်ချိန်းလိုက်ပါတယ်၊ အဖေက ဘာမှမလုပ်နိုင်ရင်လည်း အဖေရှိတဲ့အိမ်နှင့် အဖေမရှိတဲ့ အိမ်ကမတူပါဘူး၊ အဖေမရှိရင် တခြားသူတွေလည်း သိပ်အားနာကြတာမဟုတ်ပါဘူး အဖေ့ကိုအမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ် ” ဟု ၎င်းကဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို ၂၀၂၂ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈နာရီအချိန်တွင် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်သား ၆ဦးက ၎င်း၏နေအိမ်ကို ဝင်ရောက်ကာ မျက်နှာကိုအဝတ်ဖြင့်စည်း၍ ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဖက်မှ တရားစွဲဆိုထားသည့် တရားလို ၂ဦးမှာ ဗိုလ်ကြီး ရှိုင်းထက်အောင်နှင့် ဗိုလ်အဆင့်ရှိသူ တစ်ဦးတို့ဖြစ်ကြပြီး ၎င်းတို့မှာ တစ်ကြိမ်တစ်ခါမျှ ရုံးချိန်းတက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ကျောက်ဖြူတွင် AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၆၀ ခန့်ထိ ရှိနေပြီး အမှုများကို ရုံးထုတ်နေသော်လည်း တရားလိုမရောက်ဘဲ အချုပ်ထဲတွင် နှစ်ချီကြာ ချုပ်နှောင်ခံထားကြရသည်။

ထို့အတူ တခြားသော စစ်တွေ၊ မြောက်ဦး၊ ကျောက်တော် စသည့် မြို့နယ်များတွင်လည်း ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ တရားစွဲခံထားရသည့်အမှုများတွင်လည်း တရားလိုမရောက်၍ အမှုကြန့်ကြာမှုများသာ ဖြစ်နေရသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။