Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ဈေးဆိုင်တန်းများကို ထပ်မံဖြိုဖျက်ခံလိုက်ရ

ABN-သူရမောင်

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖြိုဖျက်လိုက်ရသည့် ကျောက်ဖြူမြို့ ဈေးဝမှ ဆိုင်များအပြင် နောက်ထပ်ဈေးဆိုင်တန်းများကိုပါ ထပ်မံဖြိုဖျက်လိုက်ရကြောင်း သိရသည်။

ထိုသို့ ဖြိုဖျက်လိုက်ရခြင်းမှာ ကျောက်ဖြူမြို့မှ ပြည်ဟိန်းရွှေဆိုင်ပိုင်ရှင်မှ စည်ပင်နှင့်ပေါင်း၍ ဖြိုဖျက်ခိုင်းသည့်အတွက် ဖြိုဖျက်လိုက်ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဈေးဆိုင် ၂၄ ဆိုင်မှ မိသားစုများမှာလည်း ဈေးရောင်းချခြင်းမရဘဲ အခက်အခဲကြုံနေရကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ အမှန်တရားအတိုင်း ဖြစ်သွားစေချင်ပါတယ်၊ ကျွန်တော်တို့က လမ်းဘေးဈေးသည်ဆိုတာကတော့ လက်ခံပါတယ်၊ လမ်းဘေးဈေးသည်ဆိုရင်လည်းပဲ ကျွန်တော်တို့က ပြည်ဟိန်းရွှေဆိုင်ကပိုင်တဲ့ မြေမှာ ရောင်းတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့က အစိုးရကို အခွန်ပေးပြီးတော့ နေ့တိုင်းရောင်းနေတာပါ” ဟု အဝတ်ဆိုင်ပိုင်ရှင်တစ်ဦးက ABNသို့ ပြောသည်။

ထို့အပြင် ဖြိုဖျက်လိုက်ရသည့် ဆိုင်ခန်းများအစား နောက်ထပ်နေရာချပေးမည်ဟု စျေးကောက်က ပြောသွားသည်ဟု ဆိုသော်လည်း ထူးခြားမှု မရှိသေးကြာင်း စျေးသည်တစ်ဦးက ပြောသည်။

“စျေးကောက်ပြောသွားတာကတော့ ခင်ဗျားတို့ ၁၂ ရက်နေ့ ဖြိုပေးရင်ရပြီ၊ ခင်ဗျားတို့ကို ပြန်လည်နေရာချ ပေးမှာပါလို့ ပြောသွားပါတယ်၊ ဒါပေမယ့် အခုအချိန်ထိ အဲဒါတွေအကောင်အထည် မပေါ်သေးပါဘူး၊ တစ်လနီးပါး ရှိလာပါပြီ” ဟု ပြောသည်။

ဈေဆိုင်တန်းများကို ဖြိုဖျက်ရာတွင်လည်း စည်ပင်မှ ဒေါ်စန်းစန်း (AE)မှ လာရောက်ကာ အတင်းအဓမ္မဖြိုဖျက်ခိုင်းသည့်အပြင် ခြိမ်းခြောက်မှုလည်း လုပ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“စည်ပင်က AEကလာပြောပါတယ်၊ နင်တို့ဖြိုမှာလား၊ မဖြိုဘူးလား၊ မဖြိုရင် ရောင်းတဲ့နေရာတွေမှာ အကုန်ကျောက်ပုံပစ်လိုက်မယ်၊ ပြီးတော့ ရဲစခန်းကိုလဲ အမှုဖွင့်မယ်လို့ ပြောသွားပါတယ်” ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ဆိုင်ရှင်များမှာ ဆိုင်ခန်းများကို ဖြိုထားသဖြင့် ဆိုင်နေရာများတွင် ကျောက်လာပုံထားသော်လည်း နောက်ထပ်ထူးခြားမှု မရှိသေးကြောင်း အဝတ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ကျောက်တော့လာပုံထားတယ်၊ ပုံထားတာကလည်း ကျွန်တော်တို့ အဝတ်ဆိုင်တန်းမှာဘဲ ၃၊၄ ပုံလောက်လာပုံထားတာ၊ ပုံထားတာတော့ ရက်ပေါင်းမနည်းတော့ပါဘူး၊ ကျောက်ပုံထားတာကလွဲရင် ခုထိဘာမှ မလုပ်သေးပါဘူး၊ ဒါက ကျွန်တော်တို့ကို ထမင်းငတ်အောင် တမင်လုပ်နေတာပါ၊ အခုဆိုရင် ဒီကဈေးသည်တွေအကုန်လုံး ဈေးမရောင်းရဘဲ ဒုက္ခရောက်နေကြရပါတယ်” ဟု ပြောသည်။

ဤသို့ ဖြိုခိုင်းရခြင်းမှာ ပြည်ဟိန်းရွှေဆိုင်မှ ပိုင်သည့် အိမ်ခြံမြေစည်းရိုးတွင် လာရောက်ရောင်းနေကြသဖြင့် အိမ်ပိုင်ရှင်များမှ ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး ဖယ်ရှားရန် စေခိုင်းလာခဲ့သည်မှာလည်း ယခုနှစ် ၂၀၂၃ ခုနှစ်ဆိုလျှင် ၈နှစ်မျှကြာနေပြီဖြစ်ကြောင်း ပြည်ဟိန်းရွှေဆိုင်ပိုင်ရှင် ဒေါ်နန်းရွှေက ABN သို့ပြောသည်။

“ဆိုင်တွေကတော့ ကျွန်မတို့ အိမ်ဘေးမှာပါ၊ ဒီအိမ်ကို ကျွန်မတို့က ၂၀၁၆ ခုနှစ်ကတည်းက ဝယ်ထားတာပါ၊ ဝယ်တဲ့အခါ အဲဒီအိမ်ဘေးမှာ ဆိုင်ခန်းတွေပါပါတယ်၊ ဆိုင်ခန်းတွေပါတော့ ကျွန်မတို့ကနေပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြောပါတယ်၊ ကျွန်မတို့ ဒီအိမ်ကို ဝယ်လိုက်ပါပြီ၊ မြေစာရင်းမှာလည်း အားလုံးအထောက်အထားလုပ်ပြီးပါပြီ၊ အဲဒါကြောင့် ဒီဆိုင်ခန်းပိုင်ရှင်တွေကို တစ်ခေါက်လောက် ခေါ်ပြီးတော့ ပြောပေးပါ၊ ကျွန်မတို့ ဝယ်လိုက်ပြီဆိုတဲ့ အကြောင်းကိုလို့ ပြောတဲ့အခါ အုပ်ချုပ်ရေးမှူးက ခေါ်ပါတယ်၊ ပြီးတော့ သူတို့က ဒီအိမ်ပိုင်ရှင်အသစ်တွေပါ၊ သူတို့ဝယ်လိုက်ပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဒီဆိုင်ခန်းတွေကို ဆက်မငှားတော့ပါဘူးလို့ ပြောပါတယ်၊ ကျွန်မတို့က ဆိုင်ရောင်းမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီဆိုင်ခန်းတွေကို ဆက်မငှားတော့ပါဘူး၊ ဖယ်ပေးရပါမယ်လို့ သူတို့ကို ပြောပါတယ်၊ ပြောတဲ့အခါ သူတို့ကနေပြီးတော့ ဖယ်ဖို့အတွက်ဆိုရင် ၃လလောက် စောင့်ပေးပါလို့ ပြောပါတယ်၊ ကျွန်မတို့ကလည်း ၃ လထိတော့မစောင့်နိုင်ပါဘူး၊ တကယ်လို့ အဆင်ပြေတယ်ဆိုရင် တစ်လလောက်တော့ စောင့်ပေးပါမယ်၊ အဆင်ပြေနိုင်ပါဖို့လားဆိုရင် သူတို့က ပြေပါတယ်လို့ ပြောပါတယ်၊ အဲဒါက ၂၀၁၆ကပေါ့နော်” ဟု ဆိုသည်။

တစ်လခန့် စောင့်ပြီးသည့်အချိန်တွင် ဆိုင်ခန်းအားလုံးက ဖယ်ပေးခဲ့ကြသော်လည်း ဆိုင်တစ်ဆိုင်က မဖယ်ပေးခဲ့သည့်အတွက် ၅ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရကြောင်း ဒေါ်နန်းရွှေက ဆက်ပြောသည်။

ကျောက်ဖြူမြို့နယ်တရား တရားရုံးကလည်း ပြည်ဟိန်းရွှေဆိုင်သည် မြေပိုင်ရှင် အစစ်အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ဆိုင်ခန်းများကို ဖယ်ရှားရန် ခိုင်းစေခဲ့သော်လည်း ဖယ်ရှားခြင်းမပြုခဲ့ကြောင်း ဒေါ်နန်းရွှေက ဆက်ပြောသည်။

ထို့အပြင် ပြည်ဟိန်းရွှေဆိုင်ပိုင်ရှင်များမှာ စည်ပင်နှင့် ပေါင်းပြီးဆိုင်များကိုဖြိုခိုင်းသည်ဟူသည့် ပြောဆိုချက်များရှိ နေပြီး ရွှေဆိုင်ပိုင်ရှင်ကမူ မည်သည့်အဖွဲ့အစည်းနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းမဟုတ်ဘဲ ၎င်းတို့ပိုင်သည့် မြေကို ပြန်ရရန် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ဆက်ပြောသည်။

“စည်ပင်နှင့်လည်း မပေါင်းပါဘူး၊ ဘယ်အဖွဲ့အစည်းနှင့်မှလည်း မပေါင်းပါဘူး၊ ကျွန်မတို့က ကိုယ့်မြေကို ကိုယ်ပြန်ရဖို့အတွက် လုပ်နေတာပါ၊ အခုဆို လမ်းခင်းနေတာဖြစ်တဲ့အတွက် ကျွန်မတို့မှာလည်း ဆိုင်ခန်းတောင်မဆောက်ရသေးပါဘူး” ဟု ပြည်ဟိန်းရွှေဆိုင်ပိုင်ရှင် ဒေါ်နန်းရွှေက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်မှ လာရောက်၍ ထိုဂျပန်မဆိပ်ကမ်းတွင် အယပ်တွဲရောင်းချနေကြသည့် ထမင်းဆိုင် ၁၀ ဆိုင်အား ဖြိုဖျက်ရန် ဖိအားပေးလာသောကြောင့် ထမင်းဆိုင်ပိုင်ရှင်များကိုယ်တိုင် ဖြိုဖျက်ပေးလိုက်ရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ