Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ULAအဖွဲ့ဝင်တစ်ဦး ပြန်လည်လွတ်မြောက်လာ

ကျောက်ဖြူတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ULAအဖွဲ့ဝင်တစ်ဦး ပြန်လည်လွတ်မြောက်လာ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၈ရက်

​ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ULAအဖွဲ့ဝင် ၁ ဦးသည် ယမန်နေ့ ည၇နာရီကျော်အချိန်က ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

ပြန်လည်လွတ်မြောက်လာသော ULAအဖွဲ့ဝင်ဖြစ်သည့် ကိုဟန်လင်းသည် စက်တင်ဘာလ ၆ရက်နေ့ နေ့လယ်ပိုင်း ၃ နာရီခန့်က ကျောက်ဖြူ ကျောက်တစ်လုံး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနေ့ချင်း စစ်ကောင်စီရဲမှ ချက်ချင်းအမှုဖွင့်လိုက်ပြီး စက်တင်ဘာလ ၇ရက်နေ့ နေ့လယ်ပိုင်း ၆နာရီခန့်က အမှုပြန်ရုပ်သိမ်းလိုက်ပြီး ၇နာရီကျော်တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းအရင်းမြစ်မှသိရှိရသည်။

” သူ့ကိုဖမ်းဆီးတဲ့နေ့က ချက်ချင်းရဲက အမှုဖွင့်တယ်ပြောတယ်၊ ပြီးတော့ မနေ့က လာပြီးအမှုကိုပြန်ပိတ်တယ်လို့ပြောတယ်၊ အမှုပိတ်ပြီးမကြာ ပြန်လွှ​တ်လိုက်ပါတယ်” ဟုပြောသည်။

ကိုဟန်လင်းကို ယမန်နေ့ ည၇နာရီကျော်အချိန်က ဆိုင်ကယ် ဘေးတွဲဖြင့် ပို့ဆောင်ပေးလာသည်ကို မျက်မြင်ဒေသခံတစ်ဦးကမြင်လိုက်ကြောင်းပြောသည်။

” မနေ့က ပြန်လွတ်လာတယ်၊ လူတစ်ယောက် ဘေးတွဲဆိုင်ကယ်နဲ့ပို့လာတာကိုမြင်လိုက်ပါတယ်” ဟုဆိုသည်။

စက်တင်ဘာလ ၆ရက်နေ့က ULAအဖွဲ့ဝင် ကိုဟန်လင်းဖမ်းဆီးခံရပြီးချက်ချင်း AAတပ်ဖွဲ့ဝင် ၁၀ဦးခန့်သည်လည်း ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာအနီးတွင် စစ်ကောင်စီမှ အရာရှိ တစ်ဦးနှင့် တပ်ဖွဲ့ဝင် ၂ဦးကို ဖမ်းဆီးလိုက်ကြောင်းသိရှိရသည်။

လက်ရှိတွင် ULA တပ်ဖွဲ့ဝင်ပြန်လည်လွတ်မြောက်လာသော်လည်း စစ်ကောင်စီတပ်သား ၃ဦးကို AAမှ လွတ်ပေးခြင်း ရှိ မရှိ ABNမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

နှစ်ဖက် အပြန်အလှန်ဖမ်းဆီးမှုများ ဖြစ်ပြီးနောက် ကျောက်ဖြူမြို့ အဂင် ကျောက်တစ်လုံးဘုရားအနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပြည်သူများကို စစ်ဆေးမှုများတင်းကျပ်စွာ ပြုလုပ်နေကြောင်းသိရသည်။

အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီ၏ လုပ်ဆောင်ချက်များသည် တိုက်ပွဲခေါ်နေသည်နဲ့တူကြောင်း ပြည်သူတစ်ဦးက ဝေဖန်ပြောဆိုသည်။

“အပစ်ခတ်ရပ်ထားတယ်ဆိုတာ၊ စစ်မတိုက်ဖို့တစ်ခုတည်းမဟုတ်ဘူးလေ၊ ပြည်သူတွေကို မနှောင့်ယှက်ဖို့ မခြိမ်းခြောက်ဖို့အတွက် ရပ်ထားတာလေ၊ အခုက သူတို့က ဂိတ်တွေမှာလည်းစစ်ဆေးတာတွေရှိတယ်၊ ရွာနားတွေမှာလည်း လက်နက်စမ်းတာတွေရှိတယ်၊ ဒါက တိုက်ပွဲခေါ်နေတာနဲ့တူနေတယ်” ဟုပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AAတို့အကြား အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီ၏စစ်ရေးလှုပ်ရှားမှုကို AAမှ မျက်ခြေမပြတ် စောင့်ကြည့်နေပြီး သဘောတူညီချက်ကိုချိုးဖောက်ပါက အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်မည့်အခြေနေရှိကြောင်း ရက္ခိုင့်တပ်တော်၏ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက မီဒီယာများသို့ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။