Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် ဝါးတောင်စစ်ရှောင်စခန်းက ၄၀၀ နီးပါး နေရပ်ပြန်ရန် စာတင်ထား

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ကန်ဇောက်တောင်အလွန် တံတားဦးအနီးရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်မည့် စစ်ဘေးရှောင်ဦးရေ ၃၇၇ ဦးရှိကြောင်း စခန်းတာဝန်ခံ ဦးလှရွှေက ABN ကို ဖုန်းဆက်ပြောဆိုသည်။

၎င်းစစ်ဘေးရှောင်များသည် နေရပ်ပြန်ရန်အတွက် မတ်လ ၂၉ ရက်နေ့က စစ်ကောင်စီထံသို့ စာရင်းတင်ထားကြောင်း ၎င်းမှ ဆက် ပြောသည်။

“ကျနော်တို့က နေရပ်ပြန်မယ့် စစ်ဘေးရှောင်တွေကို စာရင်းကောက်ပါတယ်၊ ကျား၊မဦးရေက ၃၇၇ ယောက်ရတယ်၊ ပြီးတော့သူတို့ကို စစ်ကောင်စီထံသို့ စာရင်းတင်လိုက်ပါတယ်” ဟု ဆိုသည်။

နေရပ်ပြန်သည့်စစ်ဘေးရှောင်များအား စစ်ကောင်စီက ငွေကျပ် ၆ သိန်းနှင့် ရိက္ခာ ၁၂ မျိုးစီပေးသောကြောင့် နေရပ်ပြန်မည့် စစ်ရှောင်များမှာ စစ်ကောင်စီထံ စာရင်းတင်ပြနေကြခြင်းဖြစ်သည်။

စခန်းတွင် နေရပ်ပြန်မည့်သူများနှင့် နေရပ်မပြန်သည့်သူများကို သီးသန့်နေရာခွဲ၍ ချထားပေးကြောင်း စခန်းတာဝန်ခံကပြောသည်။

“နေရပ်ပြန်မယ့်စစ်ဘေးရှောင်တွေကို သီးသန့်ထားတယ်၊ ကျန်ရှိနေတဲ့စစ်ဘေးရှောင်တွေကိုလည်း ခွဲထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကစာတင်ထားတာရှိတယ်၊ အထက်ကစာရင်းကျလာခဲ့ရင်လည်း လွယ်ကူနိုင်လိမ့်မယ်” ဟု ဆိုသည်။

အဆိုပါစခန်းမှာ စုစုပေါင်းအိမ်ထောင်စု ၁၅၄စု၊ စုစုပေါင်းဦးရေ ၈၉၃ဦးရှိပြီး ၎င်းထဲမှ အိမ်ထောင်စု ၇၁ စု နှင့် ကျား ၁၈၂ဦး၊ မ ၁၉၅ဦးသည် နေရပ်ပြန်မည့်သူများဖြစ်သည်။

ကျန်ရှိသည့်အိမ်ထောင်စုအရေအတွက်မှာ ၈၃ စု ရှိ၍ ကျား ၂၆၆ ဦးနှင့် မ ၂၅၀ဦး ဖြစ်ရာ စုစုပေါင်းဦးရေ ၅၁၆ ဦးသည် ဆက်လက်နေထိုင်သွားမည်ဟု သိရှိရသည်။

စစ်ဘေးရှောင်များသည် မိမိသဘောဖြင့်အိမ်ပြန်နိုင်ကြောင်း တာဝန်ခံမှပြောပြီး ကျန်ရှိသည့်စစ်ဘေးရှောင်များမှာ ယခုပြန်လျှင် ရွာနီးစပ်များတွင် မိုင်းများကိုကြောက်၍ မပြန်ရဲကြခြင်းဖြစ်သည်ဟု ဦးလှရွှေက ပြောသည်။

“နေရပ်ပြန်မယ့်စစ်ဘေးရှောင်တွေကို သူတို့သဘောအတိုင်းပြန်ခွင့်ပြုတာပါ၊ အဆင်ပြေမယ်ဆိုရင်ပြန်လို့ရတယ်၊ မပြေရင်တော့နေပေါ့၊ ဒါပေမယ့် ​စစ်ဘေးရှောင်အချို့က နေရပ်ပြန်ရမှာကိုကြောက်နေကြတယ်၊ ရွာအနီးအနားတွေမှာ မိုင်းရှိ မရှိဆိုတာကိုလည်း ဘယ်သူမှမသိနိုင်ဘူး၊ ဘယ်သူကမှလဲ တာဝန်ခံပေးတာလည်းမရှိဘူးဆိုတော့ မပြန်ဝံ့သေးတဲ့ လူတွေလည်းရှိတယ်” ဟု ဆိုသည်။

၎င်းစစ်ဘေးရှောင်များသည် ကျောက်တော်မြို့နယ်ရှိ ကင်ဘိရွာ၊ ပညာကြီးရွာ၊ ကျောက်တန်းရွာ၊ သိန်းချောင်းရွာ၊ ခမောင်းရွာ၊ တဲဝ ရွာနှင့် င/စရိုင်းကိုင်းရွာများမှဖြစ်သည်။

အဆိုပါစခန်းကိုတည်ဆောက်ခဲ့သည်မှာ ၅ နှစ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ကျောက်တော် ဝါးတောင်စစ်ရှောင်စခန်းက ၄၀၀ နီးပါး နေရပ်ပြန်ရန် စာတင်ထား

ပြီးခဲ့သည့် မတ်လကုန်ကလည်း ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင် ၂၇၀၀ ကျော် နေရပ်ပြန်သွားခဲ့ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ