Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းတွင် ပြည်သူပိုင် ရေယာဥ်များ သွားလာခွင့်ကို စစ်တပ်က ပိတ်ထားဆဲ

ရခိုင်တွင် အပစ်အခတ်ရပ်စဲထားကြောင်း ကြေညာပြီးနောက် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ပြောသော်လည်း ပြည်သူပိုင် ရေယာဥ်များအား သွားလာခွင့်ကို စစ်ကောင်စီတပ်က ပိတ်ထားဆဲဖြစ်ကြောင်း ဘုတ်သမားများ ပြောကြားချက်အရ သိရသည်။

ကျောက်တော်-ပလက်ဝ-ရေနယား ရေလမ်းကြောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ပြောကြားခဲ့သော်လည်း စစ်ကောင်စီပိုင် ရေယာဥ်သင်္ဘောတစ်ခုတည်းအတွက်သာ လမ်းဖွင့်ပေးထားခြင်းဖြစ်ကြောင်း ဘုတ်ရှင် တစ်ဦးက ABN ကို ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီခန့်က ပြောသည်။

“ကျနော်တို့ ကိုယ်ပိုင် ဘုတ်သမားတွေကို သွားခွင့်မပေးပါဘူး။ စစ်တပ်ပိုင် ရေနယားအမှတ် ၁ သင်္ဘောတစ်ခုကိုပဲ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းမှာ သွားလာဖို့ ဖွင့်ပေးထားတာတွေ့ပါတယ်။ ကျနော်တို့ ကိုယ်ပိုင်ဘုတ်တွေ သွားလာဖို့ မျောစာတင်ရပါတယ်။ တင်ရင်လည်း မျောစာကျဖို့ တစ်လ လောက် စောင့်ရပါတယ်။ အရင်ကတော့ တခါတလေ ၁ ပတ်လောက်နဲ့ မျောစာရတာရှိတယ်” ဟု ကျောက်တော်-ပလက်ဝ ပြေးဆွဲနေသည့် ခရီးသည်တင် ဘုတ်ရှင်တစ်ဦးက ပြောသည်။

ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ခရီးသွားများအား စစ်ကောင်စီတပ်ဖြစ်သည့် ကျောက်တော် တပ်မ စကခ ၉ နှင့် ပလက်ဝ တပ်မ ၂၈၉ တို့က ဂိတ်ချ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့နှင့် မြို့နယ်မှ ဒေသခံများမှာ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီတပ်မှ အချိန်ကြာမြင့်စွာ ပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လျက်ရှိသည်။

ပလက်ဝဒေသမှ ပြည်သူများမှာ စားသောက်ကုန်နှင့် ဆေးဝါးစသည့် ကုန်ပစ္စည်းများအားလုံးကို ကျောက်တော်မှ ဝယ်ယူရခြင်း ဖြစ်သည့်အတွက် အရပ်သားပိုင် သင်္ဘောများကို သွားလာခွင့်ပိတ်ထားခြင်းကြောင့် ပြည်သူများမှာ အကြပ်အတည်းပိုမို ဖြစ်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ပွဲမရှိ တိုက်ပွဲများ ရပ်တန့်ထားချိန်ကာလ၌ ပြည်သူပိုင် ဘုတ်များကို လွပ်လာစွာ သွားလာခွင့် ကုန်သယ်ယူတင်ဆောင်ခွင့် ပြုစေလိုကြောင်း ပလက်ဝမှ ဘုတ်ရှင်တစ်ဦးက ABN ကို ပြောသည်။

“အခုက တိုက်ပွဲလည်းမရှိဘူး။ အပစ်လည်း ရပ်ထားတော့ ကျနော်တို့ ဘုတ်သမားတွေကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးဖို့၊ ကုန်ပစ္စည်းတင်ခွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုချင်ပါတယ်။ ကျနော်တို့မှာ အရမ်းကို အကြပ်ရိုက်လို့ပါ” ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ပလက်ဝတွင် စစ်ရေးတင်မာနေချိန် ကာလ၌ ပလက်ဝတွင် စက်သုံးဆီ ဒီဇယ်ဆီတစ်လီတာကို ၇၀၀၀ ကျပ်၊ ရိုးရိုးဆန်တစ်အိတ်လျှင် ၈၆၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်အထိ၊ ကြက်ဥသုံးလုံးကို ၁၀၀၀ ကျပ် စသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသောက်နေကြရကြောင်း သိရသည်။

ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းတွင် ပြည်သူပိုင် ရေယာဥ်များ သွားလာခွင့်ကို စစ်တပ်က ပိတ်ထားဆဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ