Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် စစ်ကောင်စီတပ်မရှေ့တွင် ခရီးသွားများအား ခြေကျင်လမ်းလျှောက်ခိုင်းထားသည့်အပေါ် ပြည်သူများ ဝေဖန်

ကျောက်တော် စစ်ကောင်စီတပ်မရှေ့တွင် ခရီးသွားများအား ခြေကျင်လမ်းလျှောက်ခိုင်းထားသည့်အပေါ် ပြည်သူများ ဝေဖန်

ABN-ရှိုင်းမိုး

ကျောက်တော် စစ်ကောင်စီတပ်မ​ရှေ့တွင် ကား၊ ဘေးတွဲ၊ ဆိုင်ကယ် သုံးဘီး စသည့်ခရီးသည်တင်ယာဥ်များကို ရပ်တန့်ခိုင်းပြီး ယာဥ်ပေါ်မှဆင်း၍ လမ်းလျှောက် သွားလာနေရကြသောကြောင့် လမ်းခရီးကြန့်ကြာမှုများနှင့်ရင်ဆိုင်နေကြရသည်ဟု ပြည်သူများ ဝေဖန်နေကြသည်။

ထိုသို့ပြုလုပ်နေမှုကြောင့် လမ်းခရီးတွင် မကြာသင့်ဘဲ ကြာနေကြရသည်ဟု မြောက်ဦးဒေသခံတစ်ဦးကပြောသည်။

“စစ်ဆေးမူတွေမပြုလုပ်ရင်လည်း တပ်မရှေ့ရောက်ရင် ကားပေါ်ကဆင်းပြီးသွားရပါတယ်၊ အဲဒါက ဘာဖြစ်လို့လဲ ကျွန်တော်လည်းမသိပါဘူး၊ ကျွန်တော်အတွက်တော့ အဆင်မပြေဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သွားလာနေရတဲ့လမ်းခရီးတွေမှာ အချိန်အကန့်သတ်တွေရှိတယ်” ဟုဆိုသည်။

ထိုတပ်မတွင် တခါတရံ စစ်ဆေးမှုများပြုလုပ်လေ့ရှိပြီး၊ ကားသမားများထံမှလည်း ငွေကြေးများကောက်ခံလေ့ရှိကြောင်း ကားသမား ၁ ဦးကပြောသည်။

“တခါတလေ သူတို့က ဘာမှမပြောဘဲ ဒီအတိုင်းခေါ်စစ်တယ်၊ ပိုက်ဆံတောင်းတယ် မပေးနိုင်ရင် ဖမ်းထားတယ်၊ ကျွန်တော်တို့က မစစ်ဆေးဘူးဆိုပြီး သွားကြတယ်၊ အဲဒီတပ်မနားရောက်စစ်တဲ့ခါ စစ်တယ်၊ မစစ်တဲ့အခါမစစ်ဘူး၊ သူတို့က စည်းကမ်းမရှိကြဘူး” ဟု၎င်းက ပြောသည်။

တပ်ရှေ့မှာ ကားရပ်ပြီး မိနစ်ခန့်ကြာ ကားပေါ်မှဆင်းကာ လမ်းလျှောက်သွားနေရခြင်းမှာ မည်သို့မျှ မဖြစ်သင့်ကြောင်း အမ်းမှ ခရီးသွားပြည်သူ တစ်ဦးက ABN သို့ပြောသည်။

“သင်္ကြန်မကျခင်က ကျနော်တို့မိသားစု ကျောက်တော်မဟာမုနိဘုရားဖူးသွားခဲ့တာ အဲဒီ ဘုရားမရောက်ခင် စစ်တပ်ရှေ့မှာ ကားရပ်လိုက်ရတယ်။ ခရီးသည်တွေ အကုန်လုံးလည်း လမ်းလျှောက်သွားနေကြရတယ်။ ကျနော်တို့မှာဆိုရင် နို့စို့ကလေးလည်းပါတယ်။ လမ်းဆင်းလျှောက်ခဲ့ရတယ်။ ရခိုင်က ဒီအချိန်မှာ ငြိမ်းချမ်းနေတဲ့ကာလလေ။ ဒါမျိုးလုပ်လို့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဘယ်လိုမှ မလုပ်သင့်ဘူး” ဟု ပြောသည်။

ထို့အပြင် ဆိုင်ကယ်ဖြင့်သွားလာသူများမှာလည်း ထိုတပ်မရှေ့တွင် ဆိုင်ကယ်မှဆင်း၍ တွန်းသွားနေရသည်။

ထိုတပ်မရှေ့ကားလမ်းမှာ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမဖြစ်ပြီး ဒေသခံများမှာလည်း မော်တော်ဆိုင်ကယ်များဖြင့်အများဆုံးသွားလာနေကြသော လမ်းဖြစ်သည်။

ရခိုင်တွင် အပစ်အခတ်ရပ်စဲထားသော်လည်း ညမထွက်ရအမိန့် ထုတ်ထားပြီး ည ၆ နာရီကျော်လျှင် ကုန်တင်ကားများနှင့် ခရီးသည်တင်ယာဥ်များမှာ ရောက်သည့်နေရာတွင်ရပ်တန့်ရပြီး နောက်တနေ့ မနက် ၆ နာရီမှ ပြန်လည် ထွက်ခွာခွင့်ရကြသည်။

ထိုနေရာတွင် လုံခြုံရေး တင်းကြပ်စွာ ချထားပြီး ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ခြင်းများကို ကန့်သတ်ထားသည့်အတွက် သတင်းအတွက် ဓာတ်ပုံမှမ်းတမ်း ရယူနိုင်ခြင်းမရှိခဲ့ပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ