Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်တို့တွင် ယမန်နေ့ညက စစ်ကောင်စီ တိုက်ပွဲတုဖန်တီးပြီး ပြည်သူများအား ခြိမ်းခြောက်

နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာလ ၁၉ ရက်နေ့ညက ရခိုင်ပြည် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး တိုက်ပွဲတုများ ဖန်တီးကာ ပြည်သူများအားခြိမ်းခြောက်ကြောင်း စုံစမ်းသိရှိရသည်။

ကျောက်တော်မြို့ထဲရှိ ရပ်ကွက်တစ်ချို့တွင် ည ၉ နာရီ ၁၀ မိနစ်ခန့်က လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံ မိနစ် ၂၀ ကျော်ခန့်ကြာ ကြားလိုက်ရကြောင်းနှင့် ပြည်သူများမှာ ကြောက်လန့်ပြီး ဗုံးခိုကျင်းများတွင် ပုန်းအောင်းနေခဲ့ကြရကြောင်း ကျောက်တော်မြို့မှ ရပ်ကွက်သားတစ်ဦးက ပြောသည်။

“ လက်နက်ကြီးတွေနဲ့ ပစ်နေတာက ၉ နာရီ ၁၀ မိနစ်လောက်မှ စကြားရပါတယ်။ ဘယ်နေရာကို ပစ်တာလဲ အတိအကျတော့မသိပါဘူး။ မြို့ထဲမှာ ပစ်နေတာ ဖြစ်နိုင်ပါတယ်။ လက်နက်ငယ်သံတွေပါ ကြားနေရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီရဟတ်ယာဥ်များလည်း ယမန်နေ့ည ၁၀ နာရီဝန်းကျင် အချိန်ခန့်က ကျောက်တော်မြို့ပေါ်တွင် ပျံဝဲပြီး ခေါက်တုန့် ခေါက်ပြန် သွားနေခဲ့ကြောင်း သိရသည်။

၎င်းအပြင် ယမန်နေ့ည ၇ နာရီခန့်က တိုက်ပွဲ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာကို လက်နက်ကြီး ၂ လုံး ကျရောက်သဖြင့် ရွာသားများမှာ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်သွားကြကြောင်း စုံစမ်းသိရရှိရသည်။

“ရွာထဲမှာရှိတဲ့ ရေကန်ဘောင်မှာ ကျည် ၂ လုံးကျတာလို့ ပြောကြတယ်။ အသံအကျယ်ကြီးပဲ။ ကောင်ကင်ကလည်း လေယာဥ်က ပျံနေတယ်။ အဲဒါနဲ့ ရွာသားတွေက ကြောက်ပြီး အကုန် ထွက်ပြေးကြပါတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသည့် အဘွားအိုတစ်ဦးက ABN ကိုပြောသည်။

ကျောက်ဆိပ်ကျေးရွာသည် ကျောက်တော် ပုဏ္ဏားကျွန်းကြား အဝေးပြေး လမ်းမ​ဘေးတွင် ကပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်ကလည်း ကျောက်ဆိပ်ရွာကို စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ မိသားစုလိုက် သေဆုံးခဲ့ရသည်။

ထို့အပြင် ယမန်နေ့ နေ့လည် ၁ နာရီခန့်က မြောက်ဦးမြို့နယ် ဝေသာလီရွာအနီး တောင်စောင်းဖက်သို့ စစ်ကောင်စီတပ်ဖက်မှ ဒရုန်းများဖြင့် ၁၅ မိနစ်ခန့်ကြာ တရစပ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင် စစ်ကောင်စီတပ်များသည် ရခိုင်ပြည်အတွင်း လက်နက်ကြီးများဖြင့် လူနေရပ်ရွာများကို ပစ်မှတ်ထားပစ်ခတ်ခြင်း၊ ညဖက် လူအိပ်ချိန်များ၌ ဒရုန်းများဖြင့် လှည့်ပတ်ပြီး ပစ်ခတ်ခြင်းများနှင့် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ရခိုင်တွင် နိုဝင်ဘာလ အတွင်းတစ်ခုတည်းတွင်ပင် အပြစ်မဲ့အရပ်သား ၃၂ ဦးကျော် သေဆုံးခဲ့ရပြီး အပြစ်မဲ့အရပ်သား ၆၀ ကျော် ဒဏ်ရာရရှိမှုတို့ရှိနေသည်။

ဓာတ်ပုံ-ကျောက်ဆိပ်ရွာသားများ ရွာထဲကို လက်နက်ကြီးကျ၍ ထွက်ပြေးနေကြသည့်ပုံများ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ