Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်ရှိ ရထားဘူတာစစ်ဘေးရှောင်စခန်းတွင် လူသွားလမ်းပျက်စီးနေ၍ စစ်ဘေးရှောင်များ သွားလာရေး အခက်ကြုံနေရ

ABN-ဟိန်းထွန်း

သြဂုတ် ၁၇ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ၊ ရထားဘူတာစစ်ဘေးရှောင်စခန်းတွင် လမ်းတစ်ချို့ပျက်စီးနေ၍ စစ်ဘေးရှောင်များ သွားလာရေးအခက်ကြုံနေရပြီး ပြုပြန်ရန်လိုအပ်နေကြောင်း စခန်းတာဝန်ခံထံက သိရသည်။

၎င်းလမ်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် ပျက်စီးသွားခဲ့ရပြီး ပြုပြင်ရန် ငွေကြေးမလုံလောက်မှုကြောင့် ပြန်လည်ပြုပြင်ရန်အခက်အခဲတွေ့နေရကြောင်း ABN မှ ကွင်းဆင်းလေ့လာတွေ့ရှိခဲ့ရသည်။

ထိုလမ်းကို စစ်ဘေးရှောင်စခန်းရှိ ကျောင်းသူကျောင်းသားများနှင့် ရဟန်း၊ သံဃာတို့ ဆွမ်းစားခံရာ သွားနေသည့်လမ်းဖြစ်ပြီး စစ်ဘေးရှောင်စခန်းအတွင်း အများအသုံးပြုသည့်လမ်းဖြစ်သည့်အတွက် ပြန်လည်ပြုပြန်ရန်လိုအပ်ကြောင်း စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက ABN သို့ပြောသည်။

“ဒီလမ်းကို ကျောင်းသူ/သားတွေနဲ့ ရဟန်း၊ သံဃာတွေဆွမ်းစားခံနေတဲ့လမ်းဖြစ်နေပါတယ်၊ စစ်ဘေးရှောင်တွေအကုန်လုံးလည်း ဒီလမ်းကပဲ သွားနေကြရတာပါ။ လမ်းကလည်းမိုးရွာရင်ဘယ်လိုမှသွားလာလို့အဆင်မပြေဘူး၊ ပြုပြင်ဖို့လိုအပ်နေတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၂၄၀ ရှိပြီး၊ လူဦးရေအရေအတွက် ကျား ၃၈၆ ဦး၊ မ ၅၅၃ ဦး ပေါင်း ၉၉၃ ဦးရှိကြောင်း သိရသည်။

၎င်းထဲမှ မသန်စွမ်းသူ ၂၁ ဦးရှိပြီး၊ စိတ်ဝေဒနာခံစားနေရသူ ၄ ဦးရှိကာ သွေးကင်ဆာဖြစ်နေသည့် အမျိုးသမီးတစ်ဦးလည်းရှိကြောင်း ABN မှစုံစမ်းသိရှိရသည်။

စစ်ဘေးရှောင်များအသုံးပြုနေသည့် ပျက်စီးနေသောလမ်းမှာ မိုးရွာသွန်းလျှင် သွားလာရ ခက်ခဲကြောင်း ၎င်းကဆက်၍ ပြောသည်။

“လမ်းကတော့ ပေ ၃၀ ကျော်လောက်ရှည်ပါတယ်၊ မိုးရွာလို့ရှိရင်လမ်းက ပိုပျက်စီးသွားနိုင်ပါတယ်၊ အန္တရာယ်လည်း ရှိနိုင်တယ်”ဟု ဆိုသည်။

ရခိုင်ပြည်အနှံအပြားတွင် မုန်တိုင်းတိုက်ခတ်ခဲ့စဥ်က ပျက်စီးနေသည့် လမ်း၊တံတားများစွာရှိပြီး၊ လက်ရှိအချိန်ထိမပြုပြင်နိုင်သေးသည့် လမ်းတံတားများစွာ ရှိနေသေးသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ