Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ ရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် တင်းမမှ အသက် ၇၀ ကျော်အရွယ် ၁၂၇ ဦးရှိ၊ အထောက်အပံ့များလိုအပ်နေ

ကျောက်တော်မြို့ ထဲရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် တင်းမရွာမှ အသက် ၇၀ ကျော်အရွယ် သက်ကြီးပိုင်း ၁၂၇ ဦးရှိပြီး ၎င်းတို့အတွက် ဆေးဝါးနှင့် အနွေးထည်များ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစောသိန်းက ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ABN ကိုပြောသည်။

ကျောက်တော်မြို့ ရထားဘူတာ စစ်ဘေးရှောင်စခန်းသည် တင်းမရွာမှ စစ်ဘေးရှောင်အများစု နေထိုင်ကြသည့် စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က ထိုစစ်ဘေးရှောင်စခန်း၌ တင်းမရွာမှ အသက် ၇၀ အထက် အဘိုးအို အဘွားအိုများအား သက်ကြီးပူဇော်ပွဲ ပြုလုပ်ကျင်းပပြုလုပ်ခဲ့၏။

ထိုစဥ် ကောက်ခံခဲ့သည့် စာရင်းများအရ ထိုစခန်းတွင် အသက် ၇၀ ကျော်အရွယ် ၁၂၇ ဦးရှိကြောင်း သိခဲ့ရခြင်းဖြစ်ပြီး၊ ၎င်းအထဲတွင် အသက် ၉၈ နှစ်အရွယ် ၄ ဦးပါရှိကြောင်း သိရှိရသည်။

ထိုအသက်ကြီးပိုင်းအဘိုးအို အဘွားအိုများအတွက် ဆေးဝါးများနှင့် အနွေးထည် အကူအညီအထောက်အပံ့များ လိုအပ်လျက် ရှိကြောင်း စခန်းတာဝန်ခံက ပြောသည်။

“ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာက သက်ကြီးပိုင်းတွေက များတယ်။ အဖွဲ့အစည်းတွေက ထောက်ပံ့တာလည်း မရတာ ၂ လရှိပြီ။ အခုက ‌ဆောင်းဝင်လာပြီဆိုတော့ အအေးပိုလာတော့ အဘိုး အဘွားတွေအတွက် ဆေးဝါးနှင့် အနွေးထည်တွေ အဓိကလိုအပ်နေပါတယ်” ဟု ဆိုသည်။

တင်းမရွာသားများမှာ ၂၀၂၀ ခုနှစ် မတ်လ ၂၂ ရက်နေ့က မြန်မာစစ်တပ်မှ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် နီးစပ်ရာ ဘေးလွတ်ရာ နေရာများတွင် စစ်ဘေးရှောင်နေကြရရာ၊ ကျောက်တော်မြို့ထဲရှိ ရထားဘူတာတွင် အများဆုံးဖြစ်သည်။

ယခင်က တင်းမရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိသည့် အနက် မြန်မာစစ်တပ်မှ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၄၀ ကျော် မီးလောင် ပြာကျခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့သည်။

မီးမလောင်ဘဲ ကျန်ရှိခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များမှာလည်း ရွာသားများမှာ ရွာသို့ မပြန်နိုင်၍ လက်ရှိတွင် ခြုံနွယ်များ ဖုံးအုပ်ကာ ပျက်စီးနေကြပြီဖြစ်ကြောင်း သိရသည်။

၎င်းအပြင် တင်းမရွာမှ မြန်မာစစ်တပ်က ဖမ်းဆီးသွားသည့် ရွာသား ၁၈ ဦးမှာ ယနေ့အချိန်ထိ မည်သည့် သတင်းအစအနမှ မရရှိသေးဘဲ ဖြစ်နေကြောင်း တင်းမ ဆရာတော်မှ ပြောသည်။

အသက် ၅ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်မူ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု ရှိနေကြောင်း ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှ စစ်ဘေးရှောင်စခန်းများကို ရိက္ခာထောက်ပံ့မှုများကို ပိတ်ပင် ကန့်သတ်ထားပြီး ရခိုင်ပြည်တွင်းသို့ ဆေးဝါးတင်သွင်းခွင့်ကိုလည်း စစ်ကောင်စီမှ ပိတ်ပင်ထားသည်။

ထို့အပြင် လတ်တလော ရခိုင်ပြည်တွင်း တိုက်ပွဲ အခြေအနေများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်များတွင် စစ်ဘေးရှောင်အသစ်များ တိုးလာလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ