Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ရှိ ရထားဘူတာနှင့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေ

ABN-မေအိအိအောင်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် ရှိသည့် ရထားဘူတာ စစ်ဘေးရှောင်စခန်းနှင့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတို့တွင် သောက်သုံးရေအခက်အခဲရှိနေကြောင်း သိရသည်။

ယခုနှစ် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက်ကြောင့် စစ်ရှောင်များ အသုံးပြု သောက်သုံးနေသည့် ရေကန်များတွင် နွေရာသီ မရောက်မီ ရေများ ကုန်ခမ်းသွားသည့်အတွက် သောက်သုံးရေများကို စခန်းနှင့်‌‌‌‌ဝေးသည့် ရေကန်များမှ သွားရောက်သယ်ယူနေကြရကြောင်း ရထားဘူတာ စစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက ABN ကိုပြောသည်။

“ရထားဘူတာအနီးမှာတော့ သောက်ရေကန် ၃ ကန်ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်က မိုးနည်းခဲ့တော့လေ ကန်ကရေတွေ လုံး၀ခန်းခြောက်ကုန်တယ်။ အဲ့ဒါကြောင့် စခန်းထဲက လူတွေ မြို့ထဲမှာရှိတဲ့ ‌ရွှေကျောင်းကန်ကို သွားပြီး တွန်းလှည်းတွေနဲ့ ရေတွေသွားခတ်နေရတယ်” ဟု သူကပြောတယ်။

လက်ရှိတွင် ရထားဘူတာ စစ်ဘေးရှောင်စခန်း၌ အိမ်ထောင်စု ၄၃၄ စုနှင့် လူဦးရေ ၁၈၅၀ ဦးရှိကြောင်းသိရသည်။

အလားတူ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင်လည်း ၎င်းတို့ အားထား အသုံးပြုနေရသော သောက်ရေကန်များမှ ‌ရေများမှာ ရေနည်းလာပြီဖြစ်သည့်အတွက် ဇီးချောင်းဆည် နှင့် မဟာမုနိရှိ သောက်ရေကန်မှ ရေများကို ပိုက်များဖြင့်သွယ်ကာ ပြန်လည်ဖြည့်နေရကြောင်း ညောင်ချောင်း စစ်ဘေးရှောင် စခန်းမှ ဒု-စခန်းတာ၀န်ခံ ဦးသိန်း၀င်းက ABN ကိုပြောသည်။

“ကျွန်တော်တို့က ညောင်ချောင်းရွာထဲမှာရှိတဲ့ ရေကန်ကို အသုံးပြုနေရပါတယ်။ ရွာထဲက စစ်ဘေးရှောင်အတွက် ရေကန် နှစ်ကန် ကိုအသုံးပြုရပါတယ်။ ခုလောလောဆယ်တော့ သောက်သုံးရေ ခမ်းလာတဲ့အတွက် သောက်ရေအခက်အခဲရှိပါတယ်။ နောက်ပြီး ဇီးချောင်းဆည် ၊ မဟာမုနိက ရေတွေကို ပိုက်နဲ့သွယ်ပြီး ကန်ထဲကို ရေတွေပြန်သွင်းနေရပါတယ်” ဟု သူကပြောသည်။

ကျောက်တော်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကျေးရွာ ၂၆ ရွာနီးပါးမှ စစ်ရှောင် အိမ်ထောင်စု ၇၀၂ စု နှင့် လူဦးရေ ၃၀၄၁ ဦးရှိကြောင်းသိရသည်။

ထို့အပြင် ကျောက်တော် ရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာ အထောက်အပံ့မရသည်မှာ ၅ လခန့်ရှိနေပြီဖြစ်ပြီး စစ်ဘေးရှောင်များ အခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များက ABN ကိုပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ