Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် အပေါက်ဝရွာ တစ်ရွာလုံးပျက်စီး၊ အငတ်ဘေးကြုံနေကြရ

ABN-မေ ၂၁ ရက်

ရခိုင်ပြည် ကျောက်တော်မြို့နယ် အပေါက်ဝရွာတွင် တစ်ရွာလုံး ပျက်စီးသွားပြီး ၁ ပတ်ခန့်ကြာလာသည့်တိုင် မည်သည့်ကူညီကယ်ဆယ်ရေးမျှ မရောက်သေး၍ အငတ်ဘေးကြုံနေရကြောင်း သိရသည်။

အပေါက်ဝရွာတွင် နေအိမ် ၁၀၀၀ ကျော်ရှိပြီး နေအိမ်များအားလုံး ခေါင်မိုးများ ပွင့်သွားပြီး နေအိမ် ၁၂၉ အိမ် လုံးဝပြိုကျပျက်စီးသွားသည်ဟု အပေါက်ဝရွာမှ အပေါက်ဝလူငယ်အစည်းအရုံး ဒုဥက္ကဌ မအေးမြတ်မော်က ပြောသည်။

“တစိတ်တပိုင်းက တစ်ရွာလုံးပျက်စီးသွားပါတယ်။ လုံးဝပျက်စီးသွားကတော့ ၁၂၉ ဆောင်ရှိပါတယ်” ဟု ပြောသည်။

နေအိမ်များ လုံးဝပျက်စီးသွားသည့် ရွာသားအချို့မှာ ဘုန်းတော်ကြီး ကျောင်းတွင် မှီခိုနေကြရကြောင်း သိရသည်။

မေအိမ်များ ပျက်စီးရာတွင် စားသောက်ရန် စုဆောင်းထားသည့် စပါးဆန်များ မုန်တိုင်းကြောင့် ပျက်စီးသွားသည့်အတွက် လက်ရှိတွင် ရိက္ခာပြတ်လပ်နေပြီး အငတ်ဘေးနှင့် ကြုံနေရကြောင်း အပေါက်ရွာမှ ဦးကျော်စိန်ထွန်းက ပြောသည်။

“ကျနော်တို့မှာ စားစရာလည်း မရှိတော့ဘူး။ ဆန်တွေလည်း အကုန်ရေးစိုပျက်စီးသွားပြီး ရှိတာတွေလည်း ကုန်ပြီ။ တချို့ဆို ဆန်ပြုတ်သောက်နေကြရတယ်။ ခုထိလည်း ဘယ်သူမှ လာပြီး ကယ်ဆယ်ရေးပေးတာ မရှိသေးပါဘူး” ဟုပြောသည်။

ပျက်စီးသည့် နေအိမ်များကို ပြန်လည် ဆောက်လုပ်ရန် အိမ်ဆောက်ကုန်ပစ္စည်းများမှ အဆမတန်ဈေးမြင့်နေ၍ မတတ်နိုင်ကြောင်း ရွာသားများက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ နေ့လည်က တိုက်ခတ်ခဲ့သည့် တိုက်အားပြင်း မိုခိုဆိုင်ကလုန်းမုန်တိုင်းကြောင့် အဆောက်အဦး နှစ်သိန်း လေးသောင်းကျော် ပျက်စီးသွားကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဦးလှသိန်းက ပြောထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ