Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွင် အမိုးအကာ အကူအညီ အရေးပေါ်လိုအပ်နေ

ABN-ရာဟု

ဇွန်လ ၂၂ရက်

ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ဝါးတောင် စစ်ဘေးရှောင်စခန်းသစ်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အဆောင်များကို ပြန်လည်ပြုပြင်ရန် တာပေါ်လင် အရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ခံက ပြောသည်။

မေလ ၁၄ရက်နေ့ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ဆောက်လုပ်ထားသည့် နေအိမ် အဆောင်များမှာ လုံးဝပျက်စီးသွားပြီး အသစ်ပြန်ဆောက်လုပ်ရန် မတတ်နိုင်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများမှာ မိုးကာမလုံဘဲ ဒုက္ခရောက်နေကြရသည်ဟု စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက ပြောဆိုသည်။

“စခန်းက မုန်တိုင်းဒဏ်ကြောင့် နေအိမ်တွေအကုန်ပျက်စီးသွားတယ်။ အသစ်ပြန်ဆောက်ဖို့ ငွေလည်းမရှိဘူး၊ အဟောင်းတွေကိုရတဲ့ပုံစံနဲ့ပြုပြင်နေရတာ၊ အရမ်းအခက်အခဲဖြစ်နေပါတယ်။ ဒုက္ခရောက်နေကြရပါတယ်” ဟု ပြောသည်။

စခန်းတွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန်အတွက် ဝါးနှင့် တာပေါ်လင်များ အရေးပေါ်အကူအအညီ လိုအပ်နေပြီး မိုးရာသီဖြစ်သည့်အတွက် နေအိမ်များအမြန်ပြုပြင်ရန် လိုအပ်သည့်အတွက် အလှူရှင်များ လာရောက် လှူဒါန်းကြစေလိုသည်ဟု စခန်းနေ စစ်ဘေးရှောင် ပြည်သူ ဦးအောင်ဇံဦးက ပြောဆိုသည်။

“ခုက မိုးရာသီဆ်ိုတော့ ပျက်စီးသွားတဲ့ နေအိမ်တွေကို အမြန်ပြုပြင်ဖို့ လိုအပ်နေပါတယ်။ လိုအပ်တဲ့ ဝါးနှင့်တာပေါ်လင်တွေကို တတ်နိုင်တဲ့ အလှူရှင် အဖွဲ့အစည်းတွေ လာလှူစေချင်တယ်၊ ကျနော်တို့ မိုးရေထဲမှာ အရမ်းဒုက္ခရောက်နေရပါတယ်” ဟုပြောသည်။

လက်ရှိတွင် WFP က ဆန်နှင့် ငွေသား ထောက်ပံ့မှု ရှိနေသော်လည်း ထောက်ပံ့မှုမှာ နည်းပါးသည့်အတွက် မလုံလောက်သည့်အပြင် စစ်ဘေးရှောင်များမှာ ကြုံရာကျဗန်း လုပ်ရန်ပင် မလွယ်ကူ၍ အခက်အခဲ များဖြင့် ရင်ဆိုင်နေရကြောင်း နောက်ထပ် စစ်ဘေးရှောင်အမျိုးသမီး ဒေါ်ဖြူမယေက ဆိုသည်။

“ကျမတ်ို့ကို WFP က ဆန်နဲ့ ငွေပေးတာတော့ရှိတယ်၊ မလောက်ပါဘူး၊ ကလေးတွေ ကျောင်းတက်ဖို့ လိုတာတွေဝယ်ဖို့ ငွေကမရှိတော့ အလှူငွေတွေလိုတယ် ကျမတို့က ကျဗန်းလုပ်နေရတာ ငွေကမရှိဘူး “ဟု ဆိုသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ မုန်တိုင်းကြောင့် အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး လက်ကျန်အဟောင်းများဖြင့် ဖာထေးဆောက်လုပ်၍ နေကြရသည်ဟု သိရသည်။

ဝါးတောင် စစ်ဘေးရှောင်စခန်းသည် တောင်မင်းကုလားရွာ အနီးတွင် တည်ရှိပြီး အိမ်ထောင်စု ၇၀၊ လူဦးရေ စုစုပေါင်း ၃၇၉ ယောက်နေထိုင်လျှက်ရှိသည့် စခန်းတစ်ခုဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ