Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် မဟာမုနိရွာမှ အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် မဟာမုနိဘုရားကြီးအနီးတွင် ဒီဇင်ဘာလ ၉ ရက်နေ့က ညနေ ၇ နာရီကျော်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု သိရသည်။

သေဆုံးသွားခဲ့သူမှာ ကျောက်တော်မြို့နယ် မဟာမုနိရွာမှ အသက် ၅၆ နှစ်ခန့်ရှိ ဦးထွန်းကျော်စိန် ဖြစ်ပြီး ၎င်းမှာ မဟာမုနိဘုရားမှ ဆိုင်ကယ်စီးလာနေစဉ် ထမင်းဆိုင်တစ်ဆိုင်အနီး လမ်းဂွေ့တွင် ကျောက်တင်ကား တစ်စီးနှင့် တိုက်မိ၍ ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အမှုဖြစ်စဉ်ကြောင့် မဟာမုနိဘုရားကြီးအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ကျောက်တင်ကားသမားအား ခေါ်ယူစစ်ဆေးပြီးပြန်လွှတ်ပေးလိုက်ကြောင်းနှင့် သေဆုံးသွားသည့်သူအား မိသားစုထံ အပ်နှံပေးခဲ့သည်ဟုသိရသည်။

“စစ်ကောင်စီတပ်က ကျောက်တင်ကားမောင်းသမားကို ခေါ်စစ်ဆေးတယ်၊ ပြီးတော့ မဟာမုနိရွာက တာဝန်ရှိသူတွေနှင့် လူကြီးတွေကိုခေါ်ပြီးတော့ ယာဉ်မောင်းကိုပြန်လွှတ်ပေးလိုက်တယ်၊ အလောင်းကိုလည်း မိသားစုဆီပြန်ပေးလိုက်တယ်လို့ ကျွန်တော်တို့ သိရပါတယ်” ဟု မဟာမုနိရွာသားတစ်ဦးမှ ABN ကိုပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့သူ၏ နစ်နာမှုနှင့်ပတ်သက်၍ မည်သို့မည်ပုံလုပ်ဆောင်မည်ကိုမူ မသိရသေးကြောင်း ၎င်းကဆက်ပြောခဲ့သည်။

သေဆုံးသွားခဲ့သည့် ဦးထွန်းကျော်စိန် ၅၆ နှစ်ခန့် ၏ ရုပ်အလောင်းအား ယနေ့ ဒီဇင်ဘာလ ၁၀ ရက် ညနေတွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

မနေ့က ဒီဇင်ဘာ ၉ ရက်နေ့ နေ့လည်ပိုင်းကလည်း မင်းပြားမြို့နယ် သံကြိုးရွာအနီး လမ်းခွဆုံတွင် စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် ကြံတိုင်းအောင် ခရီးသည်တင်ယာဥ်ဖြင့် ကန့်ကော်ချောင်းရွာမှ ဒေသခံဆိုင်ကယ် တစ်စီးတို့ တိုက်မိပြီး ဆိုင်ကယ်စီးလာသူ မောင်နေလင်းဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် မဟာမုနိရွာမှ အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ