Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်အများစု မတ်လအတွင်း နေရပ်ပြန်မည်

ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်အများစု မတ်လအတွင်း နေရပ်ပြန်မည်

ABN-မေအိအိအောင်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင်ရှိသော စစ်ဘေးရှောင်စခန်းများမှ စစ်ရှောင်အများစု လာမည့် မတ်လ ၃၀၊ ၃၁ ရက်နေ့များတွင် နေရပ်ပြန်မည်ဟု သိရသည်။

နေရပ်ပြန်မည့် စစ်ရှောင်စခန်းများမှာ ရထားဘူတာစစ်ရှောင်စခန်း၊ ညောင်ချောင်းစစ်ရှောင်စခန်း၊ ကဝိရတနာစစ်ရှောင်စခန်း၊ သိမ်ကျောင်းစစ်ရှောင်စခန်းနှင့် မဟာမုနိစစ်ရှောင်စခန်းတို့ဖြစ်ကြသည်။

စစ်ရှောင်စခန်းများမှ နေရပ်ပြန်လိုသည့် စစ်ရှောင်များအနက် နေရပ်ပြန်ရန်အဆင်ပြေသောသူများကိုသာ ပြန်ခိုင်းခြင်းဖြစ်ကာ နေရပ်ပြန်သူများကို စကစမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သိန်းနှင့် ဘေးစီမံ(ဘေးအန္တရာယ်စီမံခန့်ခွဲရေး) မှ ငွေကျပ်တစ်သိန်းနှင့် ပစ္စည်း ၁၂ မျိုးပေးကြောင်း သိမ်ကျောင်း စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးကျော်ငြိမ်းက ABN ကိုပြောသည်။

“ပြန်ဖို့စာတင်တဲ့သူတွေပဲ ပြန်ရမှာပါ။ ပြန်စာတင်ပေမဲ့ လုံခြုံရေးအခြေအနေမကောင်းတဲ့ ကျေးရွာတွေက မပြန်ရပါဘူး။ နေရပ်ပြန်တဲ့သူတွေကိုတော့ အစိုးရက ငွေကျပ် ၅ သိန်းနဲ့ ဘေးစီမံက ငွေကျပ် ၁ သိန်း၊ ပစ္စည်း ၁၂ မျိုးပေးပါတယ်” ဟုပြောသည်။

“စစ်ရှောင်စခန်းတွေထဲက နေရပ်ပြန်မယ့်ကျေးရွာတွေကတော့ ရွှေပြည်၊မျောက်တောင်၊ သာစည်၊ တက်ဖြူ၊ ကျောက်ကူစု၊ မာလာ၊ တောင်ဗွေ၊ ကွန်းစည်း၊ မွန်ထောင့်နဲ့ မီးဝ တို့ဖြစ်ပါတယ်။ လုံခြုံရေး အရ နေရပ်မပြန်ရတဲ့ကျေးရွာကတေ့ာ တင်းမ၊ လောင်းရှည်၊ ပြိုင်းတိုင်းနဲ့ မုန့်သန်းပြင်” တို့ဖြစ်ကြောင်း ကဝိရတနာစစ်ရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးမောင်သိန်းရွှေက ပြောသည်။

စစ်ဘေးရှောင်များကို လာမည့် မတ်လ ၂၉ ရက်နေ့မှာ ထောက်ပံ့ငွေများပေးမှာဖြစ်ပြီး မတ် ၃၀ နှင့် ၃၁ ရက် နှစ်ရက်အတွင်း စစ်ရှောင်များ နေရပ်ပြန်ရမည်ဖြစ်ကြောင်း ရထားဘူတာ စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးမောင်ဝင်းက ပြောသည်။

“လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ကျွန်တော်တို့က သူတို့ကို ထောက်ပံ့ကြေးပေးမှာဖြစ်ပါတယ်။ မတ်လ ၃၀ ၊၃၁ ရက်နေ့မှာတော့ သူတို့တွေ နေရပ်အပြီးပြန်ရမှာပါ” ဟုဆိုသည်။

ကျောက်တော်မြို့ရှိ နေရပ်ပြန် စစ်ရှောင်အိမ်ထောင်စုများမှာ ကဝိရတနာစစ်ရှောင်စခန်းမှ အိမ်ထောင်စု ၂၅ စု၊ ရထားဘူတာမှ ၄ စု၊ ညောင်ချောင်းမှ ၆၆စု၊ သိမ်ကျောင်းမှ ၉ စုဖြစ်ပြီး မဟာမုနိစစ်ဘေးရှောင်မှ ပြန်မည့်သူအများဆုံးဖြစ်သည်။

အဆိုပါစစ်ရှောင်များအနက် မဟာမုနိစစ်ရှောင်စခန်းမှာ နေရပ်ပြန်သူအများဆုံးဖြစ်ပြီး စခန်းထဲတွင် အိမ်ထောင်စု ၇ စုခန့်သာကျန်မည်ဖြစ်ကြောင်းနှင့် ထို ၇ စုကို ညောင်ချောင်းစစ်ရှောင်စခန်းတွင် ပေါင်းမည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၅၄၂ ဦးအား စစ်ကောင်စီက အတင်း နေရပ်ပြန်ခိုင်း၍ နေရပ်ပြန်ခဲ့ရသည်။

ဓာတ်ပုံ-မဟာမုနိစစ်ဘေးရှောင်စခန်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ