Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်ရှိ သိမ်ပြင်စစ်ဘေးရှောင်စခန်းတွင် ပေါက်ပြဲ၊ ပျက်စီးနေသော စခန်းခေါင်မိုးများ အပြင် အဆောင်များကိုလည်းပြုပြင်ရန် လိုအပ်နေ

ABN-မေအိအိအောင်

ကျောက်တော်မြို့နယ်တွင်ရှိသော သိမ်ပြင်စစ်ဘေးရှောင်စခန်းရှိ ပျက်စီးနေသော အဆောင် ခေါင်မိုးများနှင့် ပြိုနေသောအဆောင်များကို ပြုပြင်ရန်လိုအပ်နေကြောင်း သိရသည်။

သိမ်ပြင်စစ်ရှောင်စခန်းတွင် အဆောင် လေး ဆောင်ရှိပြီး အဆောင်များကို သွပ်များဖြင့်မိုးထားသော တန်းလျားဆောင်ဖြစ်ကာ လက်ရှိတွင် အဆောင်ခေါင်မိုးများမှာ ပေါက်နေသည့်အတွက် အပေါက်များကို ဖာရန်နှင့် အဆောင်များမှာလည်း ယိုယွင်းပျက်စီးနေသောကြောင့် တစ်ဆောင်လုံးနီးပါး ပြုပြင်ရန်လိုအပ်ကြောင်း သိမ်ပြင် စစ်ရှောင်စခန်းမှ စခန်းခေါင်းဆောင် ဦးမောင်အေးသန်းက ABNကိုပြောသည်။

“အဆောင်က ၄ ဆောင် ရှိပါတယ်။ တန်းလျားဆောင်တွေပါ။ လေးဆောင်းလုံးက သွပ်မိုးတွေ ပေါက်နေပါပြီ။ အဆောင်တစ်ခုလုံးလည်း ပျက်စီးနေတာပါ။ ပြုပြင်မယ်ဆိုရင် အဆောင်တစ်ခုလုံးကို ပြုပြင်ရမှာပါ” ဟုပြောသည်။

အဆိုပါစစ်ရှောင်စခန်းမှာ ၂၀၂၀ခုနှစ် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲပြင်းထန်သည့်အချိန် ဧပြီလ ၁၂ ရက်နေ့က စတင်တည်ဆောက်ခဲ့သည့် စခန်းတစ်ခုဖြစ်ပြီး ယင်းအချိန်ကတည်းက လက်ရှိအချိန်ထိ တစ်စုံတစ်ရာပြုပြင်မှုများမရှိသေးကြောင်း သူက ဆိုသည်။

“စခန်းတည်ဆောက်တာကတော့ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က စဆောက်တာပါ။ AAနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ချိန်မှာပေါ့။ အဲ့ကတည်းက တစ်ခါမှ အဆောင်တွေကို မပြုပြင်ရသေးပါဘူး” ဟုဆက်ပြောသည်။

ယင်းအပြင် အဆိုပါစခန်းမှ စစ်ဘေးရှောင်များမှာ စားရေး သောက်ရေးအတွက်လည်း အဆင်မပြေကြောင်းနှင့် WFP က ထောက်ပံ့သည့်ငွေမှလွဲ၍ အခြားအထောက်အပံ့ မရရှိကြောင်းသိရသည်။

လက်ရှိသိမ်ပြင်စစ်ရှောင်စခန်းမှာ ရွာ ၁၇ ရွာမှ အိမ်ထောင်စု ၁၁၃ စုနှင့် လူဦးရေ ၄၈၀ ရှိပြီး ယင်းအထဲမှ အိမ်ထောင်စု ၃၁ စုမှာ နေရပ်ပြန်မည်ဟုသိရသည်။

ယင်းအပြင်် အပြီးဖျက်သိမ်းမည့် သိမ်ကျောင်းစစ်ရှောင်စခန်းမှ နေရပ်ပြန်ရန် အဆင်မပြေသော အိမ်ထောင်စု ၁၇ စုကို သိမ်ပြင်စစ်ရှောင်စခန်းတွင် ထားမည်ဖြစ်ကြောင်းသိရသည်။

ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ နေရပ်ပြန်မည့် စစ်ရှောင်များမှာ မတ်လ ၃၀ ရက်မှ ၃၁ ရက်နေ့ နောက်ဆုံးထားပြန်ကြရမည်ဖြစ်ပြီး၊ အဆောင်များကို ၃၁ ရက်နေ့တွင် အပြီးဖြိုဖျက်ရမည်ဟု စစ်ကောင်စီကပြောထားကြောင်း စစ်ဘေးရှောင်များကပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ