Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုတွင် ထောက်ပံ့ရေးဆန် မရ ဖြစ်နေ

ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုတွင် ထောက်ပံ့ရေးဆန် မရ ဖြစ်နေ

ABN-မေအိအိအောင်

ရခိုင်ပြည်၊ ကျောက်တော် ရထားဘူတာ စစ်ရှောင်စခန်း၊ မဟာမုနိစစ်ရှောင်စခန်း နှင့် ညောင်ချောင်းစစ်ရှောင်စခန်းတို့တွင် ဆန် ရိက္ခာအထောက်အပံ့ မရသည်မှာ ၃ လရှိပြီဖြစ်ကြောင်း စခန်းတာဝန်ခံများကပြောသည်။

ညောင်ချောင်းစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၇၀၂ စုနှင့် လူဦးရေ ၃၀၄၁ ဦး ၊ မဟာမုနိစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၄၃၂ စုနှင့် လူဦးရေ ၁၇၉၉ ဦးရှိပြီး ရထားဘူတာ စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၄၃၄ စုနှင့် လူဦးရေ ၁၈၅၀ ဦးရှိသည်။

အဆိုပါစခန်း ၃ ခုမှာ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလထိသာ ဆန်အထောက်အပံ့ရရှိခဲ့ပြီး ဆန်အထောက်အပံ့မရသည်မှာ လက်ရှိ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ယခု မတ်လ အထိ ၃ လကြာပြီဖြစ်ကြောင်း ABN ကိုပြောသည်။

၃ လကြာဆန်အထောက်အပံ့မရရှိသည့်အတွက် စားဝတ်နေရေးအခက်အခဲဖြစ်နေရကြောင်းနှင့် နောက်လာမည့် လများတွင်လည်း ဆန်ရိက္ခာထောက်အပံ့ပေးမည့်အဖွဲ့အစည်းများ လာမည်ဟုလည်း မကြားမိကြောင်း ညောင်ချောင်းစစ်ဘေးရှောင် စခန်းမှ ဒုတာဝန်ခံ ဦးသိန်းဝင်းက ABN ကိုပြောသည်။

“ဆန်မရတာ ကြာပါပြီ။ ဒီလနဲ့ဆို ၃ လရှိပါပြီ။ ဆန်မရတော့ စားရေးသောက်ရေးတွေခက်ခဲတာပေါ့။ နောက်ထပ်အထောက်အပံ့လာပေးမယ်လို့ ပြောသံတွေလည်းမကြားမိပါဘူး” ဟုသူကပြောသည်။

အလားတူ မဟာမုနိစစ်ရှောင်စခန်းနှင့် ရထားဘူတာစစ်ရှောင်စခန်းတို့တွင်လည်း ထောက်ပံ့ရေးဆန်မရရှိကြောင်း သိရသည်။

“ဆန်အထောက်အပံ့မရတာ ဒီလနဲ့ဆို ၃ လ ရှိသွားပြီ။ ပြီးခဲ့တဲ့ နှစ် ၁၂ လပိုင်းက နောက်ဆုံးရခဲ့တာပါ။ ဒီနှစ်မှာတော့ မရတာ ၃ လရှိပြီ” ဟု ရထားဘူတာစစ်ရှောင်စခန်းမှ အမည်မဖော်လိုသည့် တာဝန်ခံဟောင်းတစ်ဦးကပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်း ၃ ခုတို့တွင် မဟာမုနိစစ်ရှောင်စခန်းနှင့် ရထားဘူတာစခန်းတို့တွင် ဆန်မရရှိသော်လည်း WFB က စစ်ဘေးရှောင်တစ်ဦးလျှင် ငွေသား ၂၁၀၀၀ကျပ်စီ ပေးကြောင်းသိရသည်။ သို့သော် ဆန်အစား ငွေသားပေးသည်ဟုလည်း ရှင်းလင်းပြောကြားခြင်းမရှိကြောင်း ပြောသည်။

“ဆန်တော့ မထောက်ပံ့တော့ဘူး။ တစ်ယောက်ကို ငွေ ၂သောင်း ၁ထောင်တော့ပေးတယ်။ ဆန်အစားငွေပေးတဲ့သဘောပေါ့ ဒါပေမဲ့ အဲ့လိုတော့သူတို့က မပြောပါ။ ငွေကို WFB ကပေးတာပါ။ တစ်လပိုင်းက နှစ်လစာထည့်ပြီးပေးခဲ့တယ်။ ဒီလ လကုန်ပိုင်းလောက်ရမယ်ထင်တယ်” ဟု ရထားဘူတာစခန်းတာဝန်ခံဟောင်းကဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်ဒုက္ခသည်များကို မိုင်းရှင်းလင်းမှု ၊ နယ်မြေရှင်းလင်းမူများ ပြုလုပ်မပေးဘဲ အတင်းနေရပ်ပြန်ခိုင်းလျက်ရှိနေသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်ပြည်သူများကို စစ်ကောင်စီက အတင်းအဓမ္မ ခြိမ်းခြောက်နေရပ်ပြန်ခိုင်းသဖြင့် နေရပ်ပြန်ခဲ့ရသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ