Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်မှ ရာဇသတ်ကြီး ပုဒ်မ ၁၃၁ ဖြင့် ထပ်တိုး တရားစွဲဆိုခံထားရသည့် ဆန်စက်ပိုင်ရှင် မိသားစုနှင့်တွေ့ခွင့်မပေး

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ ပုဒ်မ ၁၃၁ ဖြင့် ထပ်တိုး တရားစွဲဆိုခံထားရသည့် ဆန်စက်ပိုင်ရှင်အား ဒီဇင်ဘာ ၁၉ ရက်နေ့ ရုံးချိန်းပြီးနောက်ပိုင်းတွင် မိသားစုနှင့်တွေ့ခွင့်မပေးကြောင်း မိသားစုတစ်ဦးထံမှသိရသည်။

ဦးလှမောင်သန်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့တွင်လည်း စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၁ ဖြင့်တပ်တိုးတရားစွဲဆိုခံခဲ့ရသည်။

တရားစွဲခံရသူ ဦးလှမောင်သန်းကို ဒီဇင်ဘာ ၂၆ ရက်နေ့က စစ်တွေ ထောင်ချုပ်သို့ သွားရောက်၍ တွေ့ရန် သွားခဲ့သော်လည်း တွေ့ခွင့်မပေးဘဲ ရုံးချိန်းနေ့မှသာ တွေ့ရမည်ဟု ပြောကြောင်း ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းက ABN ကိုပြောသည်။

ရုံးချိန်းပြီးကတည်းက တွေ့ခွင့်မရပါဘူး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့က သွားတွေ့ဖြစ်ပါတယ်။ ဒါပေမယ့် တွေ့ခွင့်မရပါဘူး ၊ ရုံးချိန်းနေ့မှ တွေ့ရမယ်လို့ပြောပါတယ် ဟုဆိုသည်။

ဦးလှမောင်သန်းမှာ ယခင်ကပင် သွေးတိုးရောဂါရှိပြီး မကြာခဏ ခေါင်းမူးလေ့ရှိသည့်အတွက် ဆေးကုသခွင့်ရလျှင် အပြင်သို့ထွက်ပြီး ဆေးကုသပေးချင်သည် ဟု ဇနီးဖြစ်သူက ပြောသည်။

နောက်တစ်ခေါက်ရုံးချိန်မှာလည်း မည်သည့်ရက် မည်သည့်အချိန်တွင် ပြုလုပ်မည်ကို မသိရကြောင်း ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းက ပြောသည်။

အဆိုပါ တရားစွဲဆိုခံရသူမှာ ကျောက်တော်မြို့နယ် ကာဒီ (သဇင်ရွာ)မှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း အသက် ၄၃ နှစ်ဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူး မျိုးချစ်ဇာနည်က တွေ့ဆုံဆွေးနွေးရန်ခေါ်သည့်အတွက် သွားတွေ့ရာမှ ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်မှ ရာဇသတ်ကြီး ပုဒ်မ ၁၃၁ ဖြင့် ထပ်တိုး တရားစွဲဆိုခံထားရသည့် ဆန်စက်ပိုင်ရှင် မိသားစုနှင့်တွေ့ခွင့်မပေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ