Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်မှ မုန်တိုင်းဒဏ်သင့်ခဲ့သည့် စစ်ဘေးရှောင်စခန်းများမှာ မိုးရာသီ နီးလာသည့်အတွက် အဆောင်များပြန်လည်ဆာက်ရန် သစ်၊ ဝါး အကူ​အညီများအရေးတကြီးလိုအပ်နေ

ABN -မေအိအိအောင်

ဇွန်လ ၁၄ ရက်

ရခိုင်ပြည်အတွင်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်မြို့များအနက် ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများမှာ နေစရာအဆောင်များ ပြိုကျပျက်စီးသွား၍ မိုးရာသီမရောက်မီ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် သစ်၊ ဝါး အကူအညီများ အရေးတကြီးလိုအပ်နေကြောင်း စခန်းတာဝန်ခံများ ပြောကြားချက်အရသိရသည်။

ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ရှောင်စခန်း၊ ကဝိရတနာစစ်ရှောင်စခန်းနှင့် ရထားဘူတာစစ်ရှောင်စခန်းများမှာ မိုခါဆိုင်ကလုန်း မုန်တိုင်းလွန်ပြီးနောက် ရက်သတ္တပတ်အကြာတွင် ကူညီကယ်ဆယ်ရေးအဖြစ် တစ်မိသားစုလျှင် ငွေကျပ် ၅ သောင်းနှင့် တာပေါ်လင်စ ၁၀ ပေပတ်လည် တစ်ခုမှလွဲ၍ နောက်ထပ်မည်သည့်အကူအညီမှ မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ယင်းအပြင် မုန်တိုင်းကြောင့် အဆောင်အားလုံးနီးပါး ပျက်စီးသွားသည့် အိမ်ထောင် စု ၄၀၀ ခန့်ရှိသည့် ကဝိရတနာစစ်ဘေးရှောင် စခန်းမှာ မိုးရာသီမရောက်မီ ပြန်လည်ပြုပြင်တည်ဆောက်ရန် လက်ရှိတွင် သစ်များ ၊ဝါးများ အရေးတကြီးလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ABN သို့ပြောသည်။

“အဆောင်အားလုံးနီးပါးပြိုကျသွားပါတယ်။ အိမ်ထောင်စု ၄၀၀ ခန့်ရှိပါတယ်။ အခုလက်ရှိက မိသားစု ၂ စု ၃ စု စုပြီးဖြစ်သလိုနေကြပါတယ်။ မိုးမကျခင် အဆောင်တွေကို ပြုပြင်လိုက်ချင်တဲ့အတွက် သစ် နဲ့ ဝါးတွေ အကူအညီပေးစေချင်ပါတယ်” ဟုသူကပြောသည်။

အလားတူ မုန်တိုင်းပြီးနောက် တာပေါ်လင်စ တစ်ခုနှင့် ငွေကျပ် ၅ သောင်း ကယ်ဆယ်ရေးရရှိသည့် နောက်ပိုင်း မည်သည့်အကူအညီမှမရောက်ရှိကြောင်း နှင့် ကုန်ဈေးနှုန်းများမှာလည်း တက်သည့်အတွက် စားဝတ်နေရေးအတွက် အလွန်အခက်အခဲဖြစ်သည့်အပြင် သစ်ဝယ်၊ ဝါးဝယ်ရန်လည်း ပိုက်ဆံမရှိကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံကပြောသည်။

” ကယ်ဆယ်ရေးက နောက်ထပ်မရောက်သေးပါဘူး။ စားဝတ်နေရေးက ခက်ခဲပါတယ်။ ဒုက္ခသည်က ဒုက္ခသည်ပါပဲ။ ပိုက်ဆံ ၅ သောင်းက ဘာမှလုပ်လို့မရဘူး။ ကုန်ဈေးနူန်းတွေလည်းမြင့်တယ်။ အဆောင်ဆောက်ဖို့ သစ်၊ ဝါး ဝယ်မယ့် ပိုက်ဆံ မရှိဘူး” ဟု ဆိုသည်။

ထို့အပြင် ကျောက်တော်မြို့နယ် ရထားဘူတာ စစ်ဘေးရှောင်စခန်းတွင်လည်း ကူညီကယ်ဆယ်ရေး မရရှိသည့်အတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း စခန်းတာဝန်ခံက ပြောသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တွင် လူ ၁ သန်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့ပြီး လက်ရှိအချိန်ထိ ပြည်သူများ အားလုံး လုံခြုံသည့်အမိုးအကာအောက်သို့ မရောက်သေးဘဲ ရှိနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ