Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင် တစ်ဦးအား စစ်ပုန်ကန်မှုဖြင့် စစ်ကောင်စီက ထပ်တိုးတရားစွဲထား

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဆန်စက်ပိုင်ရှင် တစ်ဦးအား AA နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ သေဒဏ်ထိ ချမှန်ခံရနိုင်သည့် စစ်ပုန်ကန်မှုဖြင့် စစ်ကောင်စီမှ ထပ်တိုးတရားစွဲဆိုလိုက်ကြောင်း မိသားစုက ပြောသည်။

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုစွပ်စွဲ၍ တရားစွဲဆိုခံရသူမှာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း အသက် ၄၃ နှစ် ဖြစ်ပြီး ၎င်းကို ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ချိန်၌ စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့်ထပ်တိုး တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

“စစ်တွေမှာ ၁၉ ရက်နေ့ ရုံးထုတ်မှာ ၁၃၁ နဲ့ တရားစွဲလို့ကြပါတယ်။ ရဲသားတွေကို မေးကြည့်လို့ သိရတာပါ။ လူကိုယ်လည်း တွေ့ခွင့်မရခဲ့ပါ။ ကျမတို့မှာ ရှေ့နေလည်း မငှားနိုင်လို့ မရှိပါဘူး” ဟု ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းက ပြောသည်။

၎င်းကို ယခုလ ဒီဇင်ဘာ ၁၆ ရက်နေ့က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူး မျိုးချစ်ဇာနည်ခေါ်၍ သွားခဲ့စဥ် ပြန်မလွှတ်ဘဲ ဖမ်းဆီးကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူး မျိုးချစ်ဇာနည်က ခေါ်စဥ် ဦးလှမောင်သန်းနဲ့အတူပါသွားသည့် ဦးမောင်ချေ (ခ) မောင်သာစိုး အသက် ၃၉ နှစ်ကိုလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ ယခင်ကလည်း ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းသို့ တပ်အတွက် လိုအပ်သည့် ရိက္ခာများကို မကြာခဏ ဝယ်ယူပို့ပေးခြင်း၊ တပ်မ တပ်ရင်းမှူး အမျိုးသမီးအပါအဝင် တခြားသော ရဲဘော်များ၏ ဇနီး အမျိုးသမီးများအတွက် လိုအပ်သည့် ပစ္စည်းများကိုလည်း အမြဲတမ်း ဝယ်ပေးလေ့ ရှိသူ ဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်လှအေးဆန်း ကပြောသည်။

“ ကန်စောက်တပ်ရင်းကို ကျမယောကျ်ားမကြာခဏ သွားဖြစ်ပါတယ်။ အဲဒီတပ်ရင်းက တပ်ရင်းမှူး၊ ရဲဘော်တွေနဲ့လည်း ရင်းနီးကြတယ်။ တပ်ကလိုတဲ့ ဆန်တွေ ဆီတွေ စတဲ့ ရိက္ခာတွေဆိုလည်း ဝယ်ပြီး ပို့ပေးနေကျပါ။ ဗိုလ်မှူးမယားနဲ့ ကလေးအတွက် မှာတဲ့ ပစ္စည်းတွေဆိုလည်း အမြဲတမ်းပို့ပေးနေတာပါ” ဟုပြောသည်။

ဦးလှမောင်သန်းမှာ ရိုက်နှက်ခံထားရ၍ ကျောကုန်းအောက်လျက်ရှိပြီး ယခင်ကပင် ခေါင်းကိုက်ရောဂါနှင့် သွေးတိုးရောဂါလည်းရှိ၍ သူ့အတွက် လိုအပ်သည့် ဆေးများကို ဝယ်ကာ ရဲမှတဆင့် ပေးထားခဲ့ကြောင်း ဇနီးဖြစ်သူကဆက်ပြောသည်။

လက်ရှိအချိန်တွင် ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ရပ်ဆိုင်းနေသော်လည်း တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ရခိုင်ပြည်သူများကို AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး စစ်တပ်က တရားလိုလုပ်၍ တရားစွဲဆို ထောင်ချလျက်ရှိနေသည်။

ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင် တစ်ဦးအား စစ်ပုန်ကန်မှုဖြင့် စစ်ကောင်စီက ထပ်တိုးတရားစွဲထား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ