Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းအပါအဝင် ကျေးရွာ တစ်ချို့ ကယ်ဆယ်ရေးထောက်ပံ့မှုအလုံအလောက် မရရှိသေး

ABN-မေအိအိအောင်

ဇွန် ၁ ရက်

ရခိုင်ပြည်ရှိ စစ်တွေမြို့ ၊ ရသေ့တောင်မြို့များကဲ့သို့ မိုခါ မုန်တိုင်းဒဏ် ခံရပြီး ပျက်စီးမှုများရှိခဲ့သည့် ကျောက်တော်မြို့နယ်မှ ရွာ အချို့နှင့် စစ်ဘေးရှောင်စခန်းများမှာ ကယ်ဆယ်ရေး အထောက်အပံ့ရအလုံအလောက် မရရှိသေးကြောင်းသိရသည်။

ဖျက်အားပြင်း မိုခါ မုန်တိုင်း တိုက်ခတ်မှုအတွင်း တစ်မြို့နယ်လုံးနီးပါး ပျက်စီးသွားသည့် ကျောက်တော်မြို့နယ်မှ ညောင်ချောင်းစစ်ဘေးရှောင် စခန်းနှင့် ဂေါရောမဏီကျေးရွာ၊ မျာလီကန်ကျေးရွာတို့တွင် ကယ်ဆယ်ရေးအထောက်အပံ့များရရှိသော်လည်း လုံလောက်မှု မရှိသေးကြောင်း ကျေးရွာရှိ ဒေသခံများနှင့် စခန်းတာဝန်ခံများ ပြောကြားချက်အရ သိရသည်။

ကျောက်တော်မြို့နယ် မျာလီကန်ကျေးရွာတွင် အိမ်ခြေ ၂၄ ဆောင်ရှိပြီး မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် တစ်ရွာလုံး ပြိုကျပျက်စီးသွားကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ရေးများလာပေးသော်လည်း ထိုထောက်ပံ့သည့် ပစ္စည်းများမှာ တစ်ပတ်စာခန့်ပင် လုံလောက်မှုမရှိသည့်အတွက် စားဝတ်နေရေးအဆင်မပြေဖြစ်နေကြောင်း အဆိုပါရွာမှ ရွာခံသား ကိုအောင်ကျော်သိန်း ကABN သို့ပြောသည်။

“အိမ်ခြေ ၂၄ ဆောင်ရှိပါတယ်။ တစ်ရွာလုံးပျက်စီးသွားတာပါ။ ကယ်ဆယ်ရေးက ပြီးခဲ့တဲ့ ၅ ရက်လောက်ကပေးလာပါတယ်။ ကြက်သွန်နီ ပိဿာခွဲ၊ ဆီ ၁၀ ကျပ်သား၊ တာပေါ်လင် ၁၀ ပေ ပတ်လည် တစ်ခုနဲ့ မာမားထုပ် ၅ ထုပ်ပေးပါတယ် တစ်မိသားစုလုံးကိုပါ။ ကယ်ဆယ်ရေးပေးတဲ့ ပစ္စည်းတွေက တစ်ပတ်စာတောင် မလောက်တဲ့အတွက် စားဝတ်နေရေးအဆင်မပြေပါဘူး” ဟုပြောသည်။

အလားတူ ကျောက်တော်မြို့နယ်ရှိ အိမ်ခြေ ၁၅၀ ခန့်ရှိသည့် ဂေါရောမဏီ ကျေးရွာတွင်လည်း နေအိမ်များအပါအဝင် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများပါ မုန်တိုင်းကြောင့် ပျက်စီးခဲ့ရပြီး ပျက်စီးမှုအတွက် ကယ်ဆယ်ရေးအဖြစ် တစ်မိသားစုလျှင် နှစ်ရက်စာခန့်ပင် မလုံလောက်သော ဆန် ၈ ဗူးစီသာရရှိကြောင်း ဂေါရောမဏီကျေးရွာမှ ရွာသား တစ်ဦးက ပြောသည်။

“အိမ်တွေအကုန်လုံး မုန်တိုင်းကြောင့်ပျက်စီးသွားပါတယ်။ ဘုန်းကြီးကျောင်းရော့ စာသင်ကျောင်းပါ အကုန်ပျက်စီးသွားပါတယ်။ ကယ်ဆယ်ရေးက ရောက်ပါတယ်။ ပေးလာတဲ့နေ့တော့ မမှတ်မိတော့ပါဘူး ။ တစ်အိမ်ကို ဆန် ၈ ဗူးစီ ရတာပါ။ အခြားပစ္စည်းတွေတော့ မရောက်သေးပါဘူး” ဟုသူကပြောသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်၌ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်သည့်ကာလအတွင်းတွင် တည်ဆောက်ထားသော အိမ်ထောင်စု ၅၇၆ စုရှိသော ညောင်ချောင်းစစ်ဘေးရှောင် စခန်းမှာလည်း ဖျက်အားပြင်းမုန်တိုင်းအတွင်း ပျက်စီးသွားကာ ကယ်ဆယ်ရေးလာရောက်အကူညီပေးမှုများရှိသော်လည်း မလုံလောက်သည့်အတွက် စားဝတ်နေရေးအဆင်မပြေကြောင်းနှင့် သောက်သုံးရေ ရှားပါမှုကိုလည်းကြုံနေရကြောင်း စခန်းတာဝန်ခံကပြောသည်။

“စခန်းက အဆောင်တွေအားလုံးနီးပါး ပျက်စီးသွားပါတယ်။ ကယ်ဆယ်ရေးက မနေ့က ရောက်လာပါတယ်။ CDN က တစ်မိသားစုကို ၁၂ ပေပတ်လည် တာပေါ်လင်စ တစ်ခုစီနဲ့ ငွေသား ၅၉၀၀၀ ပေးပါတယ်။ ဆန်တွေ၊ ဆီတွေ တော့မပါပါဘူး။ ပြောရမယ်ဆို အဲ့ငွေ တစ်ခုတည်းနဲ့ စားသောက်ဖို့ မလုံလောက်ပါဘူး။ ခုဆို သောက်ရေကန်တွေမှာ ရေတစ်စက်မှ မရှိတော့ သောက်သုံးရေလည်း အဆင်မပြေဖြစ်နေပါတယ်။ ကူညီကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့လည်း လာရောက်ကူညီပေးစေချင်ပါတယ်” ဟု သူကပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဖျက်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်ရှိ မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ်များတွင် အကူအညီအထောက်အပံ့များ လုံလုံလောက်လောက်မရရှိသော ကျေးရွာအများအပြားရှိနေသေးကြောင်းနှင့် အိမ်ခေါင်မိုးများကို ပြန်လည်မိုးနိုင်ရန် သွပ်ပြားအကူအညီများ လိုအပ်နေကြသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ