ရခိုင်ပြည် ကျောက်တော်မြို့နယ် ပီစိရွာကို စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ကျ၍ အောက်တိုဘာ ၃၁ ရက်နေ့ညက မိသားစု ၃ ဦးပွဲချင်းပြီး သေဆုံးသွားရကြောင်း ABN သတင်းဌာနက စုံစမ်းသိရသည်။
သေဆုံးသူများမှာ ပီစိရွာမှ အဖဖြစ်သူ ဦးကိုစိုးဝင်းအသက် ၄၅ နှစ်၊ အမိဖြစ်သူ ဒေါ်သန်းသန်းဝေ အသက် ၄၄ နှစ်၊ သမီးဖြစ်သူ ဖြိုးစုဝေ အသက် ၁၃ နှစ်တို့ ဖြစ်ကြသည်။
ပီစိရွာထဲကို အောက်တိုဘာ ၃၁ ရက်နေ့ည ၁၀ နာရီ ကျော် ၁၁ အတွင်း လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒုတိယမြောက် ကျရောက်သည့် လက်နက်ကြီးကျည်ထိမှန်၍ မိသားစု ၃ ဦး သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။
“ရွာထဲကို ညည့် ၁၀ နာရီကျော်လောက်မှာ လက်နက်ကြီး ၄ လုံးကျတယ်။ ဒုတိယ အလုံးမှာ မိသားစု ၃ ယောက်လုံး ပါသွားတာပါ။ နောက်ထပ် အိမ်တွေလည်း ပျက်စီးသွားတယ်။ နွားတွေလည်း သေသွားရပါတယ်” ဟု ရွာသားတစ်ဦးကပြောသည်။
ထိုရွာအတွင်း လက်နက်ကြီး ပစ်ခတ်သည့် တပ်မှာ စကခ ၉ တပ်မ ကျောက်တော်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။





