Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တရားရုံးမှ လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ဦးကို အမိန့်ချမည့် ရုံးချိန်းအကြိမ် ၁၄ကြိမ်မြောက်ရွှေ့ဆိုင်း

ကျောက်တော်မြို့နယ်တရားရုံးမှ လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ဦးကို အမိန့်ချမည့် ရုံးချိန်းအကြိမ် ၁၄ကြိမ်မြောက်ရွှေ့ဆိုင်း

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁ရက်

ရခိုင်ပြည် ကျောက်တော်မြို့နယ် တရားရုံးတွင် လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ဦး၏အမှုကို အပြီးသတ်အမိန့်ချမည့် ရုံးချိန် ၁၄ ကြိမ်မြောက်အထိ ရွှေ့ဆိုင်းခံထားရသည်ဟု သိရသည်။

သြဂုတ်လ ၂၉ရက်နေ့က ကျောက်တော်မြို့နယ်တရားရုံးတွင် လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ဦးကို အပြီးသတ်အမိန့်ချရန် ၁၄ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း တရားသူကြီးက နေပြည်တော်မှ အမိန့်စာမရရှိသေး၍ ဆုံးဖြတ်ပေးခွင့်မရှိကြောင်း ပြောဆိုလိုက်သည်ဟု သိရှိရသည်။

လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ဦးတို့ကို ပြီးခဲ့သည့်မတ်လ ၂၈ရက်နေ့ရုံးချိန်တွင် အပြီးသတ်အမိန့်ချမည်ဟုပြောသော်လည်း နည်ပြည်တော်မှ အမိန့်စာမရ၍ အမိန့်ချမည်ရက်ရွှေ့ဆိုင်းခဲ့သည်ဟုသိရသည်။

ဖမ်းဆီးခံထားရသော ဒေသခံ ၃ဦးမှာ ကျောက်တော်မြို့ပြည်တော်သာရပ်ကွက်မှ ကိုဇော်ဝင်း (ခေါ်) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်နဲ့ ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်တို့ဖြစ်ကြသည်။

ထို ဒေသခံ ၃ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)ဖြင့် စစ်ကောင်စီမှတရားလိုလုပ်ကာ ၂၀၂၂ ခုနှစ် ဇွန်လ ၄ရက်နေ့က ကျောက်တော်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

အမိန့်ချမည်ရက်နဲ့ လွတ်ငြိမ်းခွင့်ရက်ကိုသာ စောင့်ဆိုင်းနေကြောင်း ကိုလူထုဇော်ဝင်းဇနီးကပြောသည်။

“အမိန့်ချမည်ရက်ကိုစောင့်နေတာ အမှုကလည်း စစ်ဆေးပြီးပြီ၊ ကျွန်မယောက်ျားအပြစ်ရှိတယ်ဆိုတာကိုလည်း သက်သေခိုင်လုံကြောင်းမပြပေးနိုင်ပါဘူး၊ ဒါပေမယ့် ကျွန်မက ဘာမှမမျှော်လင့်တော့ပါဘူး၊ အမိန့်ချမယ့်ရက်နဲ့ လွတ်ငြိမ်းခွင့်ရက်ကိုစောင့်နေတာပါ” ဟုဆိုသည်။

လူထုဇော်ဝင်းမှာ သမီး ၁ယောက်နဲ့ သား ၁ယောက်ရှိပြီး သားဖြစ်သူမှာ ၂နှစ်အရွယ်သာရှိသေးသောကြောင့် မိခင်ဖြစ်သူမှာ စားဝတ်နေရေး အခက်အခဲမျိုးစုံရင်ဆိုင်ခံရသည်ဟု ဆက်ပြောသည်။

“ကျွန်မယောက်ျား အချုပ်ကိုရောက်တဲ့နေကစလို့ ပိုက်ဆံကုန်တာပဲရှိတော့တယ်၊ သူ့ရုံးချိန်းဆိုရင်လည်းသွားရတယ်၊ ပြီးတော့ အိမ်က ကလေးတွေက ငယ်သေးတယ်၊ ကျန်းမာရေးမကောင်းလည်း ခဏ ခဏဖြစ်ကြတယ်၊ ကျွန်မယောက်ျားကိုလည်း ဆေးဝယ်ပေးရတယ်၊ သူက အဆုတ်သိပ်မကောင်းဘူး၊ ကျွန်မလည်းအခက်အခဲမျိုးစုံပါပဲ၊ အမြန်လွတ်မြောက်စေချင်ပြီ” ဟုဆိုသည်။

လူထုဇော်ဝင်းအပါဝင် ကျောက်တော်ဒေသခံ ၃ဦးကို စတင်ဘာလ ၁၂ရက်နေ့သို့ ရုံးထပ်ချိန်းလိုက်သည်ဟုသိရသည်။

လူထုဇော်ဝင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့က စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည်ဟုသိရသည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ