Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့တွင် AAနှင့်ဆက်စပ်ပြီး ဖမ်းဆီးထားသည့် ပြည်သူ ၉ဦးကို ၁၈ကြိမ်မြောက် ရုံးထုတ်၊ စစ်ကောင်စီဖက်မှတရားလိုထပ်မံပျက်ကွက်

ကျောက်တော်မြို့တွင် AAနှင့်ဆက်စပ်ပြီး ဖမ်းဆီးထားသည့် ပြည်သူ ၉ဦးကို ၁၈ကြိမ်မြောက် ရုံးထုတ်၊ စစ်ကောင်စီဖက်မှတရားလိုထပ်မံပျက်ကွက်

ABN-ရှိုင်းမိုး

ဇွန် ၁၅ ရက်

ကျောက်တော်မြို့နယ်တရားရုံးတွင် AAနှင့်ဆက်စပ်သည်ဟုစွပ်စွဲပြီးဖမ်းဆီးခံထားရသည့် ပြည်သူ ၉ ဦးကို ဇွန်လ ၁၃ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်က တရားလိုပျက်ကွက်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ရုံးထုတ်စစ်ဆေးခဲ့သူ ၉ ဦးမှာ ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း၊ မင်းပြားမြို့နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာဦးစိုးမိုးကျော်၊ သရက်တပင်ရွာမှ ဦးမောင်စောသာ၊ ပုဏ္ဏားကျွန်းမြို့နယ် ဝပြန်ရွာမှ ကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိုင်၊ ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ ကိုမောင်ချေ၊ မြောက်ဦးမြို့ မဟိဂျီရပ်ကွက်မှ ကိုကျော်မောင်လင်းတို့ဖြစ်ကြသည်။

ထို ၉ဦးထဲမှ အပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်ကို စစ်ဆေးမေးမြန်မှုအနည်းငယ်ပြုလုပ်ခဲ့သည်ဟုသိရသည်။

“တခြားသူတွေကို ဘာမှမစစ်ဆေးပါဘူး၊ ဦးစိုးမိုးကျော် တစ်ယောက်တည်းကို နည်းနည်းစစ်ဆေးပါတယ်၊ တခြားဘာမှ မစစ်ဆေးပါဘူး” ဟု စစ်ဘေးရှောင် ဦးကျော်ဟိန်းဇနီးက ပြောသည်။

ဦးကျော်ဟိန်း၏မိသားစုမှာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့်အတွက် အခက်ခဲမျိုးစုံနဲ့ရင်ဆိုင်နေရသည်ဟု သိရသည်။

“မုန်တိုင်းကြောင့်အိမ်ပျက်စီးသွားပါတယ်၊ အခုသူများအိမ်မှာနေကြပါတယ်၊ အယင်တုန်းကဆိုရင် သူ့ကိုထမင်းသွားပို့ရပါတယ်၊ အခုတော့ ကလေးတွေကျောင်းတဖက်နဲ့ ထမင်းလာမပို့နဲ့ပြောထားပါတယ်၊ ကလေးတွေအတွက် ကျွန်မတစ်ယောက်တည်း

ပြင်ဆင်ပေးနေရလို့ သူစိတ်မကောင်းဖြစ်နေတယ်” ဟုဦးကျော်ဟိန်း၏ ဇနီးကပြောသည်။

ထို ၉ဦးကို လာမည့် ဇွန်လ ၂၇ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်ဟုသိရသည်။

ထို ၉ဦးသည် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းက တကျော့ပြန်တိုက်ပွဲဖြစ်ပွားချိန်ကာလအတွင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ