Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ ပြည်သူ ၇ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရ

AB News – ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ယမန်နေ့ ညဉ့် ၁၀နာရီကျော်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျောက်တော်မြို့ခံ ၇ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများမှာ ကျောက်တော်မြို့၊ ပိုက်သည်ရပ်မှ မူဆလင်များဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညဉ့် ၁၀နာရီကျော်အချိန်တွင် စစ်ကောင်စီအဖွဲ့သည် ပိုက်သည် (မူဆလင်)ရပ်ကွက်ကို Y12 စစ်ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံ ၁ဦးက AB News သို့ ပြောကြားသည်။

“မနေ့က ညဉ့် ၁၀နာရီကျော်အချိန်မှာ စစ်ကောင်စီရဲ့ စစ်ထောက်ပို့လေယာဉ်ဟာ ကျမတို့ ပိုက်သည်ရပ်ကို ဗုံး ၆လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တယ်။ ဒီက အရပ်သား ၇ဦးသေဆုံးခဲ့ပြီး ၉ဦး ဒဏ်ရာရရှိခဲ့တယ်။ သေဆုံး၊ ဒဏ်ရာရရှိခဲ့တဲ့ သူတွေရဲ့ အချက်အလက်တွေကိုတော့ အတိအကျ မသိသေးဘူးရှင့်။ အကုန်လုံးက ထွက်ပြေးနေရတယ်” ဟု ဆိုသည်။

ထို့အပြင် ၎င်းရပ်ကွက်ရှိ နေအိမ် ၁ ဆောင် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ယမန်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမရှိ ကစ္ဆပနဒီနှင့် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီး မင်းချောင်းတံတားတို့ကို Y12  စစ်ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲချ ဖျက်ဆီးခဲ့သောကြောင့် ၎င်းတံတား ၂စင်း ပျက်စီးခဲ့ရသည်။

နိုင်ငံအနှံ့စစ်ရှုံးနေသည့် စစ်ကောင်စီအဖွဲ့သည် နှစ်ပေါင်း ၇၀ ကျော်ကြာ နိုင်ငံကို ဆင်းရဲတွင်းနက်အောင် ဖျက်ဆီးခဲ့သည့်အပြင် စစ်ရှုံးပြီးနောက်တွင်လည်း မြို့၊ ရွာ၊ တံတားနှင့် အပြစ်မဲ့ ပြည်သူများအား ဗုံးကြဲချ ဖျက်ဆီးမှုများကို ဆက်လက်ပြုလုပ်လျက်ရှိနေသည်။

Website
www.arakanbaynews.com  
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ