Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်နယ်တွင် AAနဲ့ ဆက်စပ်၍ ဖမ်းဆီးတရားစွဲခံထားရသူ ၉ဦးကို ရုံးထုတ်သော်လည်း၊ စစ်ကောင်စီတရားလိုပျက်ကွက်

ကျောက်တော်နယ်တွင် AAနဲ့ ဆက်စပ်၍ ဖမ်းဆီးတရားစွဲခံထားရသူ ၉ဦးကို ရုံးထုတ်သော်လည်း၊ စစ်ကောင်စီတရားလိုပျက်ကွက်

ABN-ရှိုင်းမိုး

ဇူလိုင် ၂၂ ရက်

AA ဆက်စပ်၍ဖမ်းဆီးခံထားရသူများကို ကျောက်တော်မြို့နယ်တွင် ဇူလိုင်လ ၁၈ရက်နေ့ နေလည် ၃နာရီကျော်အချိန်တွင် မတရားအသင်းဆက်သွယ်မှု ဖြင့် တရားစွဲဆိုခံထားရသူ ၉ဦးကို ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှတရားလိုပျက်ကွက်သောကြောင့် စစ်ဆေးခြင်းမရှိဟုသိရသည်။

ရုံးထုတ်စစ်ဆေးခဲ့သူ ၉ ဦးမှာ ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း၊ မင်းပြားမြို့နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာဦးစိုးမိုးကျော်၊ သရက်တပင်ရွာမှ ဦးမောင်စောသာ၊ ပုဏ္ဏားကျွန်းမြို့နယ် ဝပြန်ရွာမှ ကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိုင်၊ ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ ကိုမောင်ချေ၊ မြောက်ဦးမြို့ မဟိံဂျီရပ်ကွက်မှ ကိုကျော်မောင်လင်းတို့ဖြစ်ကြသည်။

ထို ၉ဦးကို ရုံးထုတ်စစ်ဆေးနေသော်လည်း ထူးခြားမှုတစုံတရာမရှိသေးဟုသိရသည်။

ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသော ဦးကျော်ဟိန်းမိသားစုမှာ လက်ရှိအချိန်မှာ အခက်ခဲမျိုးစုံဖြင့် ကြုံနေရသည်ဟု ဦးကျော်ဟိန်း၏ ဇနီးကပြောသည်။

“ကျမတို့က စစ်ဘေးရှောင်တွေပါ။ ကျမယောက်ျားက စွပ်စွဲခံထားရလို့ အချုပ်ထဲမှာရောက်နေတယ်၊ ကျွန်မလည်းဘာမှလုပ်ကိုင်စားသောက်လို့မရဘူး၊ ကလေးတွေကိုကျောခိုင်းထားခဲ့လို့မရသေးဘူး၊ မိသားစုတွေလည်း အားကိုးရတာမဟုတ်ပါဘူး” ဟုဆိုသည်။

ဦးကျော်ဟိန်းမှာ သားသမီး ၄ယောက်ရှိပြီး သားကြီး ၂ယောက်မှာ စနစ်သစ် ၁၂ တန်း ကျောင်းသားတစ်ဦးနဲ့၊ အဌမတန်းကျောင်းသားတစ်ဦးဖြစ်ကြပြီး၊ နောက်သမီး ၂ယောက်မှာ မူလတန်းများဖြစ်သည်ဟုသိရသည်။

ဦးကျော်ဟိန်းမရှိသည့်အတွက် အထက်တန်း ကျောင်းသား ၂ဦးမျာ ငွေကြေးမတတ်နိုင်သောကြောင့် ပရဟိတကျောင်းတွင် စာသင်နေရသည်ဟု မိခင်ဖြစ်သူကဆက်လက်ပြောသည်။

“သားသမီး ၄ယောက်ရှိပါတယ်၊ အကြီး ၂ယောက်က အတန်းလည်းကြီးနေကြပြီ၊ ဒါပေမယ့် ပိုက်ဆံမရှိလို့ အစိုးရကျောင်းမှာ မထားနိုင်ပါဘူး၊ ပရဟိတကျောင်းမှာပဲထားရပါတယ်၊ တရက်တလေ့ ကျွန်မလည်း ဝမ်းနည်းမိတယ်၊ နေမကောင်းဖြစ်ရင်တောင် ဓာတ်ဆားတစ်ထုတ်သောက်ဖို့ပိုက်ဆံမရှိဘူး” ဟုသူမဆက်ပြောသည်။

ထို ၉ဦးအမှုအား လာမည့် ဇူလိုင်လ ၃၁ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟုသိရသည်။

ထို ၉ဦးသည် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းက တကျော့ပြန်တိုက်ပွဲဖြစ်ပွားချိန်ကာလအတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ