Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်နယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုက်ခိုက်၊ ရဟန်းတစ်ပါးအပါအဝင် ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ၁ဆောင်ပျက်စီး

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းဘုန်းကြီးကျောင်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ ရဟန်းတစ်ပါးအပါအဝင် ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိသွားပြီး ဘုန်းကြီးကျောင်း ၁ ဆောင် ပျက်စီးသွား ခဲ့ကြောင်း Arakan Bay News ကစုံစမ်းသိရသည်။

သေဆုံးသွားသူများမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာမှ အသက် ၇၅ နှစ်အရွယ် ဖခင်​ဦးနီထွန်းဦး နှင့် အသက် ၃၉ နှစ်အရွယ်သား ဦးမောင်ဟန်၊ အသက် ၈၉ နှစ်အရွယ် ဒေါ်မဒွေး နှင့် သက်တော် ၆၀ နှစ်အရွယ် ရဟန်း ဦးဇာဂရတို့ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးသည် ယနေ့ မေလ ၆ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင် အလယ်ကျွန်း ဘုန်းကြီးကျောင်းသို့ ပထမအကြိမ် ပေါင် ၃၀၀ ဗုံးဖြင့် ၂ လုံးကြဲချခဲ့သည်။

ထ ဗုံးကြဲခံရမှုကြောင့် ရဟန်းတစ်ပါးအပါအဝင် ပြည်သူများသေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက Arakan Bay News သို့ပြောသည်။

” ကျောင်းပေါ်ကိုဗုံး ၂ လုံးထိမှန်ပြီး ရဟန်းတစ်ပါး ပွဲချင်းပြီး​သေဆုံးသွားတယ်။ အခြားသူတွေလည်းသေကြတယ်။ ဒဏ်ရာရတဲ့သူလည်း အများကြီးပါ “ဟုဆိုသည်။

အလားတူ စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် ၉ နာရီ ၃၄ မိနစ်အချိန်တွင် ဒုတိယအကြိမ်ထပ်မံလာရောက်ပြီး ပေါင် ၃၀၀ဗုံး ၂ လုံးဖြင့် ဘုန်းကြီးကျောင်းနှင့် ရွာအနီးသို့ ကြဲချခဲ့ကြောင်း ဒေသခံများမှ ထံမှသိရသည်။

စစ်ကောင်စီသည် ဘုန်းကြီးကျောင်းတည့်တည့်သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါးဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆောင်တစ်ခုလုံး ပြိုပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ သက်တော် ၃၈ နှစ်အရွယ် ဦးဝံလသာမိ၊ အသက် ၁၆ နှစ်အရွယ် မောင်မောင်ဌေး၊ အသက် ၃၀ နှစ်အရွယ် ဒေါ်စိုးမေသိန်း၊ အသက် ၄၄ နှစ်အရွယ် ဒေါ်နုနုယီနှင့် အသက် ၇၈ နှစ်အရွယ် ဒေါ်စံမဖြူ တို့ဖြစ်ကြောင်း သိရသည်။

ပြင်းထန်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းတို့တွင် အရေးပေါ်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက် ညနေ ၄ နာရီကျော်တွင် စစ်ကောင်စီက ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ် ၂ ဆောင်ပျက်စီးသွားခဲ့သည်။

ထို့အပြင် ဧပြီလ ၄ ရက်နေ့ကလည်း ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံး ၂ ကြိမ်ထိ ၄ လုံး ကြဲချခဲ့သောကြောင့် အသက် ၁၈ နှစ်အရွယ် လူငယ် ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရှိသွားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီသည် ကျောက်တော်မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ရှိလာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ