Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁ ဦး၏ အမှု တရားလိုမရောက်၍ ကြန့်ကြာနေ

ABN-ရှိင်းမိုး

စစ်ကောင်စီမှ မတရားဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်အား ယမန်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် ၆ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလို မရောက်၍ အမှုကြန့်ကြာနေရကြောင်း သိရသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသူမှာ ဦးကျော်ဟိန်း အသက် ၄၀ နှစ်ဖြစ်ပြီး ၎င်းမှာ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် မိသားစုနှင့်အတူ စစ်ဘေးရှောင်နေသူဖြစ်ပြီး သူ့မိသားစုမှာလည်း လက်ရှိအချိန်ထိ ထိုစစ်ဘေးရှောင်စခန်းတွင် ခိုလှုံလျက်ရှိနေဆဲဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။

“ကျမတို့က စစ်ဘေးရှောင်တွေပါ။ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှာ နေကြတာပါ။ ကျမယောကျ်ားက ဘယ်အဖွဲ့အစည်းနဲ့မှလည်း အဆက်အစပ်မရှိပါဘူး။ စစ်ဘေးရှောင်စခန်းမှာ ဘာအထောက်အပံ့မှ မရှိတဲ့အပြင် ကျမအိမ်ရှင်ကိုပါ ဖမ်ထားတော့ ကျမမှာ ကလေး ၄ ယောက်နဲ့ အသက်ရှင်သန်ဖိုတောင် ခက်ခဲနေရပါတယ်” ဟုပြောသည်။

၎င်းကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီတပ်မှ တရားလိုလုပ်ကာ တရားစွဲထားခြင်း ဖြစ်သော်လည်း ၆ ကြိမ်မြောက်ထိ ရုံးထုတ်ခဲ့သော်လည်း တရားလို တကြိမ်မှ ရောက်လာခဲ့ခြင်း မရှိသည့်အတွက် အမှုကြန့်ကြာနေကြောင်းပြောသည်။

“ရုံးချိန်းတာ ၆ ကြိမ်ရှိပါပြီ၊ ပထမ ၁ ကြိမ်တုန်းက တစ်ယောက်ရောက်ပါတယ် ၊ အဲဒါက တရားလို မဟုတ်ပါဘူး ၊ တရားလိုက ၁ ကြိမ်မှ မရောက်သေးပါဘူး၊ သူ့အမှု တကြိမ်မှ စစ်ဆေးမခံရသေးပါဘူး၊ သူ့ကို ဖမ်းဆီးထားတာဆိုရင် အခုဆို ၆လ ကျော်ရှိပါပြီ” ဟု အမှုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဦးကျော်ဟိန်းတို့မိသားစုမှာ ကျောက်တော်မြို့နယ် မီးဝရွာမှ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲများကြောင့် ကျောက်တော်မြို့ ကဝိရတနာစခန်းတွင် စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။

၎င်း၏အမှု ရုံးချိန်းကို လာမည့် ဇန်နဝါရီလ ၂၄ ရက်နေ့သို့ ထပ်မံ ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ဓာတ်ပုံ-ကဝိရတနာစစ်ဘေးရှောင်စခန်တွင် ရိုက်ထားသည့် ဦးကျော်ဟိန်းအားတွေ့ရစဥ်/ABN

ကျောက်တော်တွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့်  စစ်ဘေးရှောင်ဒုက္ခသည် ၁ ဦး၏ အမှု တရားလိုမရောက်၍ ကြန့်ကြာနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ