Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် စစ်ဘေးရှောင်များ တိုးလာနေ၍ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

“စစ်ဘေးရှောင်အချို့မှာ စစ်ဘေးရှောင်စခန်းများမှ လက်မခံ၍ နီးစပ်ရာရွာများတွင်အခက်အခဲအမျိုးမျိုးဖြင့် ခိုလှုံနေရပြီး တချို့သော စစ်ရှောင်များမှာ ရွာအပြင်ရှိ နွားတဲကုတ်များတွင် နေထိုင်နေရကြောင်းသိရသည်။”

ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည် ကျောက်တော်မြို့နယ်တွင် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ ပိုများလာသဖြင့် စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းများတွင် နေရာထိုင်ခင်းအလုံအလောက်မရှိ၍ စစ်ဘေးရှောင်လာသူများမှာ နေရာမရဖြစ်နေပြီး နီးစပ်ရာ ရွာများတွင် အခက်အခဲအမျိုးမျိုးဖြင့် ခိုလှုံနေရကြောင်းသိရသည်။

ကျောက်တော်သို့ စစ်ဘေးရှောင်ရန် ပြေးလာကြသော စစ်ဘေးရှောင်ဒုက္ခသည်များမှာ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျေးရွာအချို့မှဖြစ်ကြောင်း ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ သိမ်ပြင် ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက ABN သို့ပြောသည်။

ကျောက်တော်မြို့ သိမ်ပြင် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းသို့ ယခု ၂ ပတ်ကာလအတွင်း အိမ်ထောင်စု ၅၀၀ ကျော်၊ လူဦးရေ ၂၈၉၇ ယောက်ထိ ရောက်ရှိလာသဖြင့် စစ်ဘေးရှောင်များအတွက် နေရာအလုံအလောက် မရှိဖြစ်နေပြီး၊ နောက်ထပ်လည်း စခန်းတွင်လာရောက် စာရင်းသွင်းသူများ ရှိသော်လည်း နေရာထိုင်ခင်းအခက်အခဲကြောင့် လက်မခံဘဲ ပြန်လွှတ်နေရကြောင်း စခန်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

” ခုတစ်ပတ် နှစ်ပတ် အတိုးအတွင်းမှာတော့စစ်ဘေးရှောင် ဒုက္ခသည်တွေ အများကြီးရောက်ပါတယ်။အိမ်ခြေ ၅၀၀ ကျော်လောက်ရောက်ပါတယ်။ဒုက္ခသည်တွေများလာတော့ နေရာထိုင်ခင်းတွေက အဆင်မပြေဖြစ်နေပါတယ်။ နောက်ထပ်လည်းစာရင်းသွင်းလာတဲ့သူတွေလည်းအများကြီးပါ။ ဒါပေမယ့် အဆင်မပြေလို့ လက်မခံတဲ့သူတွေလည်းရှိပါတယ်” ဟုပြောသည်။

စစ်ဘေးဒုက္ခသည်များမှာ ကျောက်တော်မြို့နယ်မှ ကြက်ယက်ကိုင်း၊ မီးဝ၊ မော်ရွာ၊ ရုပ်သားရွာ၊ မြင်းကပ်နှင့် နာဂရာ ရွာများမှဖြစ်ကြပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ပီဝ နာမဒါ စသည့် ရွာများမှဖြစ်ကြောင်းသိရသည်။

စစ်ဘေးရှောင်အချို့မှာ စစ်ဘေးရှောင်စခန်းများမှ လက်မခံ၍ နီးစပ်ရာရွာများတွင်အခက်အခဲအမျိုးမျိုးဖြင့် ခိုလှုံနေရပြီး တချို့သော စစ်ရှောင်များမှာ ရွာအပြင်ရှိ နွားတဲကုတ်များတွင် နေထိုင်နေရကြောင်းသိရသည်။

ရခိုင်ပြည် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ သိမ်ပြင် ကယ်ဆယ်ရေးစခန်းတွင်အသစ်ရောက်လာသော စစ်ဘေးရှောင် အိမ်ထောင်စု ၅၀၀ကျော်၊ လူဦးရေ ၂၈၉၇ဦးဖြစ်ပြီး ယခင်မူရင်း ဒုက္ခသည် များမှာ အိမ်ထောင်စု ၁၂၀စု၊ လူဦးရေက ၄၇၆ ဦးရှိကြောင်းသိရသည်။

ကျောက်တော်မြို့နယ်ရှိ အခြားသော စစ်ဘေးရှောင်စခန်းများတွင်လည်း နေရာထိုင်ခင်းနှင့် အစားအသောက်ပြဿနာများကြောင့် စစ်ဘေးရှောင် အနည်းငယ်ကိုသာ လက်ခံနိုင်ကြကြောင်း စခန်းတာဝန်ခံများထံမှသိရသည်။

ရခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင်များအား ကူညီကယ်ဆယ်ရေးမပေးရဟု စစ်ကောင်စီမှ ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်ပြီး၊ စခန်းများတွင် ရှိနေသော စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် အမျိုးမျိုး ဖိအားပေးလျက်ရှိသည်။

ရခိုင်ပြည် ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရပ်ရွာများဖက်သို့ ပစ်ခတ်ခြင်းကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုတိုးလာနေပြီး၊ လက်နက်ကြီး ကျည်များ ထိမှန်ပြီး ဒဏ်ရာရ သေဆုံးသူများမှာလည်း ပြီးခဲ့သည့် အောက်တိုဘာလနှင့် ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ပိုတိုးလာနေသည်။

ကျောက်တော်တွင် စစ်ဘေးရှောင်များ တိုးလာနေ၍ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ