Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တောင် ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

ကျောက်တော်တောင် ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်၊ ကျောက်တော်ရှိ ရှေးဟောင်းသမိုင်းဝင်တစ်ဆူဖြစ်သည့် သေလာဂီရိ မောရပဗ္ဗတတောင် ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီလ ၂၆ ရက်မှ ၃ဝ ရက်အထိ ၅ရက် တိုင်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှသိရသည်။

အဆိုပါရက်များတွင် ရခိုင်ရိုးရာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ရခိုင်ရိုးရာလှေပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်ကိုင်ပွဲ နှင့် ရခိုင်ရိုးရာဇာတ်ပွဲများပါဝင်ကြောင်းသိရသည်။

ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၂ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး၊ လှေပြိုင်ပွဲ၊ ကျင်ကိုင်ပွဲ နှင့် ဇာတ်ပွဲများကို ၂၈ ရက်မှ ၃၀ရက်အထိဆက်တိုက်ကျင်းပသွားမည်ဖြစ်သည်။

ဇာတ်ပွဲ ကပြမည့်ရက်ကိုမူ အသေအချာ မဆုံးဖြတ်ရသေးကြောင်း သေလာဂီရိ မောရပဗ္ဗတတောင်ကျောက်တော်တောင်ဂေါပကအဖွဲ့ဝင် ဦးမောင်ထွန်းခိုင်က ABN ကိုပြောသည်။

“ဇာတ်သမားတွေက ၂၆ရက်နေ့ကပင်စလို့ဖျော်ဖြေချင်တယ်လို့တောင်းနေကြပါတယ်၊ အဲ့ဒီအကြောင်းအရာနဲ့ပတ်သတ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီကတော့ ဆုံးဖြတ်သေးတာမရှိသေးပါဘူး၊ ဒါပေမယ့် ဇာတ်ပွဲတွေတော့ ဖျော်ဖြေလာနိုင်ခြေရှိပါတယ်၊ ပုံမှန်ကတော့ ကျနော်တို့ ဧပြီလ ၂၇ရက်နေ့ကိုသတ်မှတ်ထားတယ်၊ သို့ပေမယ့်လည်း တနင်္ဂနွေ၊ စနေ ပါဝင်အောင်လို့ ရှေ့ကိုတစ်ရက်တိုးချင်တိုးပါတယ်၊ နောက်ကိုတစ်ရက်ရွေ့ချင်ရွေ့ပါတယ်၊ဒီလိုပဲအဆင်ပြေအောင် ဖန်တီး၍ ကျင်းပပေးနေတယ် “ဟု ဆိုသည်။

ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ လှေပြိုင်ပွဲ၊ ကျင်ကိုင်ပွဲ နှင့် ဇာတ်ပွဲများအပြင် တခြားသော ပြိုင်ပွဲများကိုလည်း တာဝန်ခံ၍ လုပ်မည့်သူရှိက လုပ်ခွင့်ပေးမည်ဟု ၎င်းကဆက်၍ပြောသည်။

“ကျွနော်တို့ခြွင်းချက်အနေနဲ့လမ်းဖွင့်ပေးထားတာတစ်ခုရှိပါတယ်၊ အဲ့ဒါကတော့ ပြည်သူတွေ ဘောလုံးပွဲတစ်ပွဲကိုတာဝန်ယူပြီးချချင်တယ်ဆိုရင် ချခွင့်​ပေးမယ်၊၊ သို့မဟုတ် လွန်ဆွဲပွဲတစ်ပွဲချဖို့ရွှေပန်းထိမ်အသင်းကတာဝန်ယူပြီး ဆုပေးပွဲလုပ်မယ်ဆိုရင် ချခွင့်ပေးမယ်၊ သို့မဟုတ် ပိုက်ကျော်ခြင်းပွဲချဖို့ ဆီစက်ရှင်များအသင်းက တာဝန်ယူပြီးလုပ်မယ်ဆိုရင်လည်း ခွင့်ပြုပေးမှာပါ” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်က ၎င်းပွဲသို့ လှေ၊ ဘုတ် ၂၀၀ ခန့်ရောက်ရှိခဲ့ပြီး ကုန်းပေါ်၊ ရေပေါ်ခန့်မှန်းခြေလူဦးရေ ၂ သောင်းကျော်မှ ၃သောင်းခန့်ရောက်ရှိခဲ့သည်။

ဓာတ်ပုံ- ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် ကျောက်တော်တောင်ဘုရားပွဲပုံမြင်ကွင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ