Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တစ်လုံး မူဆလင် ဒုက္ခသည်စခန်းကို မတ်လ ၃၁ရက်နေ့နောက်ဆုံးထားပြီး နေရာသစ်သို့ပြောင်းရွှေ့ရန် စစ်ကောင်စီ စီစဥ်၊ စခန်းနေ မူဆလင်များ အိဒ်နေ့ ပြီးမှ ပြောင်းရွှေ့ရန်ဆန္ဒရှိဟုဆို

ABN-ရာဟု

ရခိုင်ပြည် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး မူဆလင်ဒုက္ခသည်စခန်းကို အသစ်ဆောက်လုပ်ထားသည့် နေရာသို့ ယခုမတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ရန် စစ်ကောင်စီက စီစဥ်နေသော်လည်း စခန်းနေ မူဆလင်းများက အိဒ်နေ့ပြီးမှ ပြောင်းရွှေ့ရန်ဆန္ဒရှိကြောင်း သိရသည်။

မတ်လ ၉ ရက်နေ့က စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော နိုင်ငံခြားသံတမန်အဖွဲ့များရောက်ရှိလာခဲ့ပြီး စခန်းရှိ မူဆလင် ဒုက္ခသည်များကို လေ့လာကြည့်ရှုခဲ့ကာ စခန်းသစ်ပြောင်းရွှေ့မည့်ကိစ္စများကို တာဝန်ရှိသူများအား ညွှန်ကြားခဲ့ကြောင်း ကျောက်တစ်လုံးအုပ်ချုပ်ရေးမှူး ဦးမောင်နီက ပြောသည်။

သို့သော်လည်း ယခုလအတွင်း အစ္စလာမ်ဘာသာဝင် မူဆလင်များ၏ ဘာသာရေးနေ့ဖြစ်သည့် Eid Day (အိဒ်နေ့) ပြီးမှသာ နေရာပြောင်းရွှေ့လိုကြကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဒီလမှာ ကျနော်တို့ အိဒ်နေ့ရှိတယ်လေ အဲဒါပြီးမှပြောင်းချင်တယ်လို့ တင်ပြထားတယ်” ဟု ပြောသည်။

အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်ဥပုသ်လမှာ ယခုမေလ ၂၆ ရက်နေ့မှ ဧပြီလ ၂၅ ရက်နေအထိ ၁ လတာ ဖြစ်ပြီး အိဒ်နေ့မှာ ဧပြီလ ၂၅ ရက်နေ့ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

စစ်ကောင်စီက ပြောင်းရွှေ့ရန် စီစဥ်ထားသည့် စခန်းအသစ်တွင် နေအိမ်၊ ဆေးခန်း၊ စာသင်ကျောင်း၊ လုံခြုံရေးစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးများပါ ပါဝင်သည့်အတွက် အဆင်ပြေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“စခန်းအသစ်မှာက အကုန်ပြည့်စုံတယ်၊ နေအိမ်တွေ၊ ဆေးခန်း၊ စာသင်ကျောင်း၊လုံခြုံရေးစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးတို့ပါတယ်။ ၁၅ရက်နေ့အပြီး ပြင်ပြီးရင် မတ်လ ၃၁ရက်နောက်ဆုံးထား ပြောင်းမယ်လို့ပြောတယ်” ဟု အုပ်ချုပ်ရေးမှူးဦးမောင်နီက ABNကိုပြောသည်။

နေအိမ်တစ်အိမ်ကို အလျားပေ ၄၀ အနံပေ ၃၀ ရှိကာ မိသားစုလိုက် သီးခြားအိမ်များဖြစ်သောကြောင့် ပို၍အဆင်ပြေကာ ဆေးပေးခန်းလည်းပါရှိသဖြင့် ကျန်းမာရေးအတွက်လည်း စိတ်မပူရသဖြင့် အိဒ်နေ့ပြီးလျှင် အမြန်ပြောင်းရွေ့ရရင် ကောင်းမည်ဟု စခန်းနေ ဦးအာမောက် ကပြောသည်။

“အိမ်တစ်အိမ်ကို ပေ ၄၀ ၊၃၀ရှိတယ် ကိုယ့်အိမ်နှင့်ကိုယ်ဆိုတော့ ပိုအဆင်ပြေတာပေါ့ ။တခြားလိုအပ်တဲ့ အဆောက်အဦးတွေ အကုန်ပါတယ်။ အိဒ်နေ့ပြီးရင်တော့ အမြန်ပြောင်းချင်ပါတယ်” ဟု ဦးအာမောက်က ABNကိုပြောသည်။

လက်ရှိစခန်းသစ်မှာ စခန်းဟောင်းနှင့် ၁ ဖာလုံအကွာတွင် ၂၀၂၀ခုနှစ်ကစတင် အကောင် အထည် ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိစခန်းမှာ ၂၀၁၂ခုနှစ်အတွင်းက ဖြစ်ပွားသည့် ပဋိပက္ခအတွင်း ကျောက်ဖြူမြို့ပေါ်ရှိ မူဆလင်များနေထိုင်ရန် အာဏာပိုင်များက စုစည်းနေရာချပေးထားခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းတွင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်နှင့် ပြင်ဖြူမော်ရပ်ကွက်များမှ မူဆလင်ဒုက္ခသည်များ နေထိုင်လျှက်ရှိပြီး လူဦးရေ ၁၁၀၀ ကျော်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ