Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တစ်လုံး မူဆလင်ဒုက္ခသည်များ ပြောင်းရွှေ့နေထိုင်သည့် အေးမြသာယာကျေးရွာတွင် ရေနစ်မြုပ်သည့်အတွက် ကျောင်းသားများ ကျောင်းတက်ရန်အခက်အခဲဖြစ်

ABN-ရာဟု

ဇွန် ၁၈ ရက်

ရခိုင်ပြည် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး မူဆလင် ဒုက္ခသည်စခန်းမှ ပြည်သူများ ပြောင်ရွှေ့နေထိုင်သည့် အေမြသာယာ ကျေးရွာတွင် မိုးကြီးလျှင် ရေနစ်မြုပ်သည့်အတွက် ကျောင်းသားကျောင်းသူများ သွားလာရေး အခက်အခဲဖြစ်နေကြောင်း ထိုစခန်းမှ ဥက္ကဌက ပြောသည်။

ယခုပြောင်းရွှေ့နေထိုင်သည့် နေရာသစ်ကို အေမြသာယာရွာဟု ခေါ်တွင်ကာ ၎င်းနေရာမှာ လယ်ကွင်းကို မြေဖို့၍ တည်ဆောက်ထားသည့်အတွက် မိုးပြင်းထန်စွာရွာသွန်းသည်နှင့် ရေကြီး ရေလျှံမှုဖြစ်ပြီး လမ်းများနှင့်နေအိမ်များကိုရေများဝင်ရောက်လာသည့်အတွက် မိုးတွင်း ကာလတလျှောက် အဆင်မပြေမှုများဖြစ်နိုင်ကြောင်း အေးမြသာယာကျေးရွာအုပ်ချုပ်ရေးမှုးက ပြောသည်။

“ရွာသစ်က လယ်ကွင်းတွေကို မြေဖို့ တည်ဆောက်ထားတာဖြစ်တဲ့အတွက် မိုးကြီးရင် ရေမြုပ်တယ်၊ ရေမြောင်းတွေရှိလည်း မိုးတွင်ဖက်တော့ လမ်းနဲ့နေအိမ်တွေရေမြုပ်မှာဘဲ၊ မိုးတွင်းတော့ အဆင်မပြေမှုတွေရှိနိုင်တယ်” ဟု အေးမြသာယာကျေးရွာအုပ်ချုပ်ရေးမှူး ဦးနီမောင်က ABN သို့ပြောသည်။

မိုးတွင်း နေအိမ်တွေရေဝင်ရောက်ခြင်း ၊ ရွာလမ်းတွေရေမြုပ်ခြင်းတို့ကြောင့် ကျောင်းသားကျောင်းသူများ သွားရလာရခက်ခဲ့ကာ အဆင်မပြေမှုရှိနေပြီး ဆောက်လုပ်ထားသည့် အိမ်သာများကို ရေနစ်မြုပ်သည့်အတွက် ဝမ်းလျောဝမ်းပျက်စသည့် ရောဂါများဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ကျေးရွာ သားတစ်ဦးက ပြောဆိုသည်။

” ရေက မိုးရွာရင် ရေစီးရှိလည်း လမ်းတွေအကုန်မြုပ်နေတာ ၊ ကလေးတွေကျောင်းသွားရင် အဆင်မပြေဘူး၊ အိမ်သာတွေကလည်း ရေမြုပ်တဲ့အတွက် ရေတွေညစ်ပတ်တယ်။ ကလေးတွေအနာဖြစ်မှာ စိုးရိမ်တယ်”ဘဟု ကျေးရွာသားတစ်ဦးဖြစ်သူ ဦးအာမောက်ခင်က ABN သို့ပြောဆိုသည်။

ယခုရွာသစ်တွင် နေထိုင်သူများမှာ ၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်းအတွင်း ကျောက်ဖြူမြို့ရပ်ကွက်များရှိ မူဆလင်များကို စုပေါင်းထားရှိသည့် ကျောက်တလုံး မူဆလင်စခန်းမှ မူဆလင် စုစုပေါင်း ၁၅၀၀ ကျော်တို့ကို စစ်ကောင်စီက ကျေးရွာသစ်ပြုလုပ်ပြီး ၂၀၂၃ ဧပြီအတွင်း ပြောင်းရွှေ့နေထိုင်ရန် နေရာချပေးထားခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ