Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကူတောင်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ တစ်လကျော်ကြာမြင့်နေ

ABN – သူရမောင်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကူတောင်တိုက်နယ်ပြည်သူ့ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ တစ်လကျော်ကြာမြင့်လာနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းကပင် ကူတောင်ဆေးရုံမှ ဆရာဝန်မှာ ပုဏ္ဏားကျွန်းသို့ ‌ရွှေ့ပြောင်းသွားခဲ့ခြင်းဖြစ်ပြီး ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ တစ်လကျော်ထိ ရှိလာနေပြီဖြစ်သည်ဟု ကူတောင် နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဇော်မင်းဦးက ABN ကို ပြောသည်။

“ဆရာဝန်က ပုဏ္ဏားကျွန်းကို ပြောင်းသွားတာပါ၊ သူမရှိတာတော့ တစ်လကျော်လောက်ရှိပါပြီ၊ ရာထူးတိုးနဲ့ ပြောင်းသွားတာလို့တော့ ပြောသံကြားပါတယ်” ဟု ဆိုသည်။

ဆေးရုံတွင် ဆေးကုသမှုမှာလည်း ဆရာဝန်မရှိသည့်အတွက် ဆေးကုသမှုအပိုင်းများတွင် များစွာအခက်အခဲရှိနေကြောင်း ၎င်းကဆက်‌ပြောသည်။

“ဆေးရုံမှာ ဆရာဝန်ရှိတုန်းကနဲ့ မရှိတုန်းက အခြေအနေတွေက မတူဘူးလေ၊ ဘယ်လိုဘဲဖြစ်ဖြစ် ဆရာဝန်ရှိတော့ လူနာတွေလည်း ဆေးလာကုသကြတာ များတယ်၊ အခုတော့ ဆရာဝန်လည်းမရှိတော့ လူနာတွေလည်း အရောက်နည်းသွားပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် ကူတောင်တိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန်အပါအဝင် ဆေးရုံဝန်ထမ်း စုစုပေါင်း ၁၀ကျော်ခန့်ရှိနေပြီး ဆေးရုံတွင် ဆေးဝါးလုံလောက်မှုမရှိဟုလည်း သိရသည်။

မည်သည့်အကြောင်းကြောင့် ဆရာဝန်နောက်ထပ်အသစ်တစ်ဦး ရောက်မလာသည်ကိုမူ မသိသေးကြောင်း ပြောကြသည်။

ထို့အပြင် ရသေ့တောင်မြို့နယ်မှ ဦးဂါတိုက်နယ်ဆေးရုံတွင်လည်း ဆေးရုံစတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၀ ခုနှစ်မှစ၍ သူနာပြုများနှင့်သာ ဆေးရုံကို လည်ပတ်နေရပြီး ဆရာဝန်မရှိသည့်အတွက် ကူတောင်ရွာမှ ဆရာဝန်မှ တာဝန်ယူခဲ့ရသည်များရှိကြောင်း သိရသည်။

“ဦးဂါမှာက အစကတည်းက ဆရာဝန်မရှိပါဘူး၊ ကူတောင်ဆေးရုံက ဆရာဝန်ကပဲ အထိုင်ချထားခဲ့တာပါ” ဟု ကိုဇော်မင်းဦးက ဆက်ပြောသည်။

ဦးဂါတိုက်နယ်ဆေးရုံတွင် လက်ရှိအချိန်ထိ ဆေးရုံဝန်ထမ်းလုံလောက်မှုမရှိသည့်အပြင် ဆေးရုံဝန်ထမ်းစုစုပေါင်းမှာလည်း ၃ ဦးခန့်သာရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မြောက်ဦးတိမ်ညိုတိုက်နယ်ဆေးရုံတွင်လည်း ၃ လခန့်ကြာ ဆရာဝန်မရှိခဲ့သည့်အတွက် အရေးပေါ်လူနာများမှာလည်း မြောက်ဦး၊ ကျောက်တော်နှင့် စစ်တွေဆေးရုံများသို့ သွား‌ရောက်ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ကူတောင်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ တစ်လကျော်ကြာမြင့်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ