သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
EU က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင် ဒုက္ခသည်များအတွက် ယူရို ၂၉ သန်း ကူညီထောက်ပံ့မည်

AB News – ဒီဇင်ဘာ ၁၉၊ ၂၀၂၅
ဆုပြည့်ဖြိုး

စစ်ရေးပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည့် မူဆလင် ဒုက္ခသည်များအတွက် ဥရောပသမဂ္ဂ (EU) က လူသားချင်းစာနာမှု အကူအညီအဖြစ် ယူရို ၂၉ သန်း ထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ အကူအညီပေးအပ်မှုသည် မြန်မာနိုင်ငံအတွင်း စစ်​ရေးပဋိပက္ခများ ဆက်လက်ပြင်းထန်နေခြင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများ တိုးပွားလာနေသည့် လူသားချင်းစာနာမှု အရေးပေါ်အခြေအနေကို လျော့ပါးစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း EU က ဖော်ပြထားသည်။

ယခုနှစ်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုများကြောင့် မြန်မာနိုင်ငံရှိ ကျန်းမာရေးစနစ်၊ ရေသန့်နှင့် သန့်ရှင်းရေးဝန်ဆောင်မှုများ၊ ပညာရေးကဏ္ဍများမှာ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ပြီး အခြေခံလိုအပ်ချက်များ မလုံလောက်တော့သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

EU က ပံ့ပိုးမည့် ရန်ပုံငွေ ယူရို ၂၉ သန်းအနက် ယူရို ၁၅ သန်းကို မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်သင့် လူထုအသိုင်းအဝိုင်းများအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ယူရို ၁၄ သန်းကိုတော့ ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းနိုင်ငံများတွင် နေထိုင်နေရသည့် မူဆလင် ဒုက္ခသည်များနှင့် ၎င်းတို့ကို လက်ခံထားသော အိမ်ရှင် အသိုင်းအဝိုင်းများ၏ ဘဝအခြေအနေ တည်ငြိမ်လာစေရန် ဖွံ့ဖြိုးရေး အထောက်အပံ့အဖြစ် ခွဲဝေသုံးစွဲမည်ဟု သိရသည်။

ယခုထောက်ပံ့ငွေသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် ဒေသတွင်း လူသားချင်းစာနာမှု အရေးအခင်းများအတွက် EU က ပေးအပ်ထားပြီးသား ယူရို သန်း ၅၀ နီးပါးအပြင် ထပ်မံဖြည့်စွက်ထားသည့် အကူအညီတစ်ရပ်ဖြစ်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသရှိ ဒုက္ခသည်စခန်းများတွင် ၂၀၁၇ ခုနှစ်က စစ်ရေးဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ရသည့် မူဆလင် ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော် နေထိုင်လျက်ရှိပြီး အဆိုပါအခြေအနေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာမှု ဝန်ထုတ်ကြီးတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေသည်။

မူဆလင် ဒုက္ခသည်အရေးကို နိုင်ငံတကာက မမေ့မလျော့ ဆက်လက်ကူညီပံ့ပိုးပေးရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ဒ် ယူနွတ်စ်ကလည်း အကြိမ်ကြိမ် တိုက်တွန်းပြောကြားထားသည်။

ထို့အပြင် မူဆလင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတကာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နိုင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုနှစ် မတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ မြန်မာနိုင်ငံတဝန်းတွင် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၃ ဒသမ ၆ သန်းအထိ ရှိလာပြီး လူသားချင်းစာနာမှု အကူအညီများ အရေးပေါ်လိုအပ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ