
AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆
LOKI
ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) နှင့် NUG လက်အောက်ခံ တော်လှန်ရေးတပ်တို့အကြား နှစ်ဘက်အပြန်အလှန် တင်းမာမှုများ ရှိနေပြီး ပစ်ခတ်တိုက်ခိုက် သည်အထိ အခြေအနေရှိနေကြောင်း သိရှိရသည်။
NUG လက်အောက်ခံ MOD တပ်ရင်းများမှ ယနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၇ နာရီခွဲမှ စတင်၍ BNRA ဂိတ်စခန်းများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ကြောင်း သိရှိရသည်။
ပုလဲမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှ BNRA တပ်စခန်းများကို ယင်းမာပင်ခရိုင်မှ PDF တပ်ရင်းများက ယနေ့နံနက်ပိုင်းအချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ကျေးရွာနေဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
BNRAနှင့် NUG တို့အကြား ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့က NUG လက်အောက်ခံ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၄ မှ ရဲဘော်တစ်ဦးဖြစ်သည့် ကိုကတုံး ဆိုသူအား BNRA တပ်သားတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ဘက်အပြန်အလှန်တင်းမာမှုများရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သတ်ပြီး BNRA တပ်ဘက်မှ ထုတ်ပြန်ချက်များ၊ အသိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ၎င်းတို့တပ်စခန်းများအနီးသို့ NUG ဘက်မှ တပ်အင်အားအများအပြား လာရောက်ဖြန့်ကျက်နေရာယူနေသည်ကို ပြန်ရုပ်သိမ်းရန်နှင့် ပစ်ခတ်မှုနှင့် ပတ်သတ်ပြီး မိမိတို့ဘက်မှ အပြည့်အဝတာဝန်ယူမည်ဖြစ်ကြောင်း ယမန့်နေ့ ဖေဖော်ဝါရီလ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
၎င်းထုတ်ပြန်ချက်နှင့်အတူ ပြည်သူများအား အသိပေးထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပြီး ယနေ့ နံနက်ပိုင်းအချိန်တွင် NUG ဘက်မှ စတင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ၏ စစ်ဆေးရေးဂိတ်စခန်းနှစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက်အချို့သိမ်းဆည်သွားခဲ့ကြောင်း BNRA က ဆိုသည်။