
AB News – မတ် ၂၁၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင် ၊ ဒုက္ခသည်စခန်းများတွင် (ARSA) ခေါင်းဆောင် အာတာအူလာ ဖမ်းဆီးခံရပြီးနောက် အဖွဲ့၏ ခေါင်းဆောင်သစ်အဖြစ် မော်လာနာဘော်ဟန်းအား အစားထိုး ခန့်အပ်ကြောင်း သိရှိထားရသည်ဟု Daily Start သတင်းဌာနတွင် ဖော်ပြသည်။
မတ်လ ၁၇ ရက်နေ့တွင် အကြမ်းဖက် ခေါင်းဆောင် အာတာအူလာနှင့် အဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ARSA အဖွဲ့သည် ၎င်းတို့၏ အင်အားကို ပြန်လည်စုစည်းရန် ကြိုးပမ်းနေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ARSA အဖွဲ့ဝင်များသည် အာတာအူလာ ဖမ်းဆီးခံရပြီးနောက် နောက်ထပ် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော RSO ထံ တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေသဖြင့် စခန်းအတွင်းမှ ထွက်ပြေးမှုများ ရှိနေကြောင်း သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
မတ်လ ၂၀ ရက်နေ့တွင် အာတာအူလာ၏ အနီးကပ်လုပ်ဖော်ကိုင်ဖက် မော်လာနာခါလစ်က ARSA အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ရာထူးများတွင် ဆက်လက် တာဝန်ထမ်းဆောင်ရန် တိုက်တွန်းသည့် အသံဖိုင်တစ်ခု ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလာဒေ့ရှ် လက်နက်ကိုင် ရဲတပ်ရင်း( ၁၄) မှ လက်ထောက် အထွေထွေစစ်ရေးမှူး မိုမာဟက်ဆီရာ့ဂျ်အာမင်က မော်လာနာဘော်စန်းက ယခုကဲ့သို့ တာဝန်ယူထားသော သတင်းကို မိမိတို့ ကြားမိသော်လည်း မော်လာနာခါလစ် မည်သည့်နေရာတွင် ရှိနေသည်ကိုမကြားမိထားကြောင်း သတင်းဌာနသို့ ပြောကြားထားသည်။
မတ်လ ၁၇ ရက်နေ့က အကြမ်းဖက် ခေါင်းဆောင် အာတာအူလာအပါအဝင် အဖွဲ့ဝင် ၅ ဦးသည် ကော့ဘဇားခရိုင်ရှိ မူဆလင် ဒုက္ခသည်စခန်းများတွင် နေထိုင်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ အုခိယမြို့နယ်ရှိ၊ ဒုက္ခသည်စခန်းတစ်ခုတွင် RSO အဖွဲ့ဝင် ၁ ဦးကို ARSA အဖွဲ့မှ တူဖြင့်ရိုက်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၄ ရက်နေ့ ၊ ညနေ ၈ နာရီအချိန်ခန့်တွင်လည်း ကော့ဘဇားခရိုင်၊ အုခိယမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် စခန်းခေါင်းဆောင် ၁ ဦးမှာ ပစ်သတ်ခံခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူဆလင် ဒုက္ခသည်စခန်းများသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် ရောက်ရှိလာပြီး ၂ ရက်အကြာမှာ ARSA အကြမ်းဖက် ခေါင်းဆောင် အာတာအူလာသည် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။