
AB News – ဇန်နဝါရီ ၂၊ ၂၀၂၆
ပဲခူးတိုင်းအတွင်းရှိ ၆၆၆ ပွိုင့်ကုန်း စခန်းမှ ထွက်ပြေးလာသည့် စကမ တပ်သား ၇ ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က လက်နက်ခဲယမ်းများနှင့်အတူ အာရက္ခတပ်တော်(AA) က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်အပါအဝင် အဆိုပါ စကမ တပ်သား ၇ ဦးမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၁၆ အနီးရှိ ၆၆၆ ပွိုင့်ကုန်း စခန်းမှ ထွက်ပြေးလာခြင်းဖြစ်ပြီး AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါစခန်းကို AA နှင့် တော်လှန်ရေးပူးပေါင်းတပ်များဝိုင်းထားကာ လက်နက်ကြီးပစ်ခတ်မှု၊ ရိက္ခာဖြတ်တောက်မှုများကို ပြုလုပ်နေသဖြင့် စကမတပ်သားများမှာ အုပ်စုလိုက်ထွက်ပြေးမှုများရှိနေခြင်း ဖြစ်သည်။
စကမဘက်က ရိက္ခာလာပို့သည့် ဒရုန်းများကိုလည်း AA ဘက်မှ ပစ်ချမှုများရှိနေပြီး အပြန်အလှန် ပစ်ခတ်မှုများရှိနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း ပွိုင့် ၆၆၆ စခန်းကုန်းကို ရိက္ခာလာပို့သည့် ထောက်ပို့ စစ်ကြောင်းမှာ ဖြတ်တောက်တိုက်ခိုက်ခံရပြီး စကမ တပ်သား ၁၀ ဦးခန့် အရှင်ဖမ်းဆီးခံခဲ့ရကာ အများအပြားသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
“အခုလက်ရှိမှာ ပဲခူတိုင်းဘက်မှာဆိုရင် AA က ရက္ခိုင်-ပဲခူးလမ်းတစ်လျှောက်က ၆၆၆ ပွိုင့်စခန်းကုန်း၊ လေလာတောင်နဲ့ ဆင်လန်စခန်းတွေကို ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေပြီး စကမတပ်သားတွေနဲ့ တိုက်ပွဲတွေခဏခဏဖြစ်နေတယ်” ဟု မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စကမဘက်က ပြန်လည်သိမ်းယူသွားခြင်းဖြစ်သည်။
AA ထံမှ စစ်ကော်မရှင် ပြန်လည်သိမ်းယူထားသည့် အဆိုပါ ပွိုင့် ၆၆၆ စခန်းကုန်းကို AA နှင့် ပူးပေါင်းတပ်များ ဝိုင်းဝန်းပိတ်ဆို့ပြီး လနှင့်ချီ ရိက္ခာဖြတ်တောက်ထားကြောင်း သိရှိရသည်။