AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၆
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” အထူးဒေသရှိ အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၉၀,၀၀၀ နီးပါးကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သည့် Wa News Land “ဝ” လူငယ့်အသံ ၏ ဖော်ပြချက်အရ သိရသည်။
“ဝ” ပြည်နယ် တရားစီရင်ရေးကော်မတီ၏ မှတ်တမ်းများအရ ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ အထောက်အထားမဲ့ တရုတ်နိုင်ငံသားများကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်ကုန်အထိ စုစုပေါင်း ၈၇,၄၈၄ ဦးကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ၂၀၂၅ ခုနှစ် တစ်နှစ်တည်းအတွင်း၌ပင် UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) နှိမ်နင်းမှု ၁၆ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယင်းဖြစ်စဉ်များမှ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၅၃၃ ဦးကိုလည်း လွှဲပြောင်းပေးခဲ့သည်။
“ဝ” အာဏာပိုင်များအနေဖြင့် အထောက်အထားမဲ့ ဝင်ရောက်လာသူများသာမက တရုတ်နိုင်ငံဘက်မှ အလိုရှိနေသည့် ရာဇဝတ်ဘေးပြေး တရားခံများကိုလည်း ရှာဖွေဖော်ထုတ်ကာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအရ အဆိုပါကာလအတွင်း စဉ်ဆက်မပြတ် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
နယ်စပ်ဒေသတွင် ကျားဖြန့်နှင့် အခြားတရားမဝင် လုပ်ငန်းများ ပပျောက်စေရေးအတွက် တရုတ်နိုင်ငံနှင့် UWSA တို့အကြား အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
ဓာတ်ပုံ – Wa News Land

