Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဥရောပ ပါလီမန် က ရုရှားနိုင်ငံသည် အကြမ်းဖက်မှုကို ထောက်ခံသည့် နိုင်ငံ ဖြစ်ကြောင်း ကြေငြာ

ဥရောပ ပါလီမန် က ရုရှားနိုင်ငံသည် အကြမ်းဖက်မှုကို ထောက်ခံသည့် နိုင်ငံ ဖြစ်ကြောင်း ကြေငြာ

ABN-ကျော်ဇံ

ပူတင်အစိုးရလုပ်ဆောင်ခဲ့သော ယူကရိန်းပြည်သူများကို ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်ရပ်များပြီးနောက် ဥရောပ ပါလီမန် မှ ရုရှားသည် အကြမ်းဖက်မှုကို ကူညီထောက်ခံနေသည့် နိုင်ငံတစ်ခု ဖြစ်ကြောင်းကို အတည်ပြုခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ဥရောပ ပါလီမန်က ယူကရိန်းအပေါ် ရုရှား၏ ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲဆင်ရာတွင် နောက်ဆုံးဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် စဥ်းလျဥ်း၍ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။

ရုရှားတပ်များနှင့် ရုရှားဖက်မှ ဝင်ရောက်တိုက်ခိုက်ပေးသည့် တပ်များမှ အရပ်သားပြည်သူများအပေါ် တမင်တကာ ကျူးလွန်သည့် တိုက်ခိုက်မှုများ၊ ကြမ်းကြုတ်ရက်စက်ခြင်းများ၊ နိုင်ငံတကာနှင့် လူ့အခွင့်ရေးဥပဒေများကို ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်းများနှင့် အရပ်သားပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်းတို့သည် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းပင် ဖြစ်သည်ဟု ဥရောပ ပါလီမန် အဖွဲ့ဝင်များက အလေးအနက်ထား ဖော်ပြခဲ့သည်။

အထက်ပါ အချက်များကြောင့် ပါလီမန် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရုရှားနိုင်ငံသည် အကြမ်းဖက်မှုကို ထောက်ခံသည့် နိုင်ငံတစ်ခု ၊ အကြမ်းဖက်မှု ကို ကျင့်သုံးသည့် နိုင်ငံတစ်ခုဖြစ်သည် ဟု သတ်မှတ်ခဲ့ကြသည်။

🔳 အီးယူ ဥပဒေဆိုင်ရာ မူဘောင်များ လိုအပ်

အီးယူအနေဖြင့် လက်ရှိတွင် အကြမ်းဖက်မှုကို ထောက်ခံသည့် နိုင်ငံများကို တရားဝင် မသတ်မှတ်နိုင်သေးသော်လည်း ပါလီမန် က အီးယူ နှင့် အဖွဲ့ဝင်နိုင်ငံများကို သင့်တင့်လျောက်ပတ်သည့် ဥပဒေဆိုင်ရာ မူဘောင်အတိုင်း ထားရှိနိုင်ရန် နှင့် ရုရှားကို ထိုစာရင်းအတွင်း သွင်းရန်အတွက် ထည့်သွင်းစဥ်းစားပေးစေရန် တောင်းဆိုထားသည်။

ဤလုပ်ဆောင်ချက်ကြောင့် ရုရှားအပေါ် သိသာထင်ရှားသည့် အရေးယူဆောင်ရွက်မှုများ ဖြစ်လာစေပြီး ရုရှားနှင့် အီးယူဆက်ဆံရေး အတွက်လည်း ပိုမိုတင်းကျပ်သည့် ဆောင်ရွက်ချက်များ ရှိလာစေနိုင်သည်။

တချိန်တည်းမှာပင် ဥရောပ ပါလီမန်အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရုရှား၏ ကြေးစားစစ်တပ် တစ်ခုဖြစ်သော the Wagner Group ၊ Kadyrovites ဟုသိကြသည့် အမှတ် ၁၄၁၊ အထူးလက်နက်ကြီး တပ်ရင်း ၊ တခြားသော ရုရှားငွေကြေးထောက်ပံ့ပေးထားသည့် လက်နက်ကိုင် အုပ်စုများ၊ ပြည်သူ့စစ်များ နှင့် ပရောက်ဆီ (Proxy) အဖွဲ့များ တို့ကိုပါ ဥရောပ၏ အကြမ်းဖက်စာရင်းကို ထည့်သွင်းရန် ဥရောပ ကောင်စီ ကို ပန်ကြားခဲ့သည်။

ရုရှားကို ပိုအထီးကျန်အောင်လုပ်၊ ကိုးခုမြောက် အီးယူ အရေးယူ ပိတ်ပင်တားဆီးသည့် ကိစ္စများကို ပြီးပြတ်ပါစေ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော ရုရှားကို နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပို၍ အထီးကျန်အောင်လုပ်ဆောင်ရန် ဥရောပ ပါလီမန် က အီးယူ ကို အကူအညီတောင်းခံလိုက်သည်။ အီးယူအဖွဲ့ဝင်များအနေဖြင့် ရုရှားနှင့် ဆက်နွယ်နေသည့် သံတမန်ရေးရာ ဆက်ဆံရေးများကို လျော့ချပြီး၊ အီးယူအနေဖြင့် ရုရှား၏ တရားဝင်ကိုယ်စားလှယ်များကို အနည်းဆုံးသာ ထားရှိကာ၊ ကမ္ဘာတစ်ဝှမ်းတွင် ဝါဒဖြန့်နေသော အီးယူရှိ ရုရှားနိုင်ငံနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများကိုလည်း ပိတ်သိမ်းရန် နှင့် ဖျက်သိမ်းရန် အလိုရှိနေကြသည်။

ရုရှားအစိုးရ၏ ယူကရိန်းပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များ၏ ဖြစ်ရပ်များကို ဆန့်ကျင်သည့် ဤသဘောတူညီချက်က အီးယူကောင်စီအတွင်းရှိ အဖွဲ့ဝင်နိုင်ငံများကို ရုရှားအပေါ် ချမှတ်ထားသည် ကိုးခုမြောက် အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်ပြီး လုပ်စရာများကို မြန်မြန်ဆန်ဆန် ပြီးပြတ်အောင် လုပ်ဆောင်ကြရန် ထပ်မံ တောင်းဆိုထားသည်။

ဥရောပ ပါလီမန် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဥရောပနိုင်ငံများကို ဥရောပ ကော်မရှင်နှင့်အတူ လက်ရှိအရေးယူ တားဆီးပိတ်ပင်ချက်များအား ရှောင်တိမ်းသည့် မည်သည့် ဖြစ်ရပ်များကိုမဆို ထိရောက်စွာ တားဆီး၊ ဖော်ထုတ် အရေးယူရန် နှင့် ချမှတ်ထားသည့် ကန့်သတ်ချက်များကို သွေဖယ်၍ ရုရှားကို ကူညီရန် ကြိုးစားနေကြသည့် နိုင်ငံများအတွက် လုပ်ဆောင်သင့်သည့် ဆောင်ရွက်ချက်များကို ထည့်သွင်းစဥ်းစားစေလိုကြသည်။

အထက်ပါ ဆုံးဖြတ်ချက် ကို လက်ခံသူ ၄၉၄ မဲ၊ ကန့်ကွက်သူ ၅၈ မဲ နှင့် ကြားနေ ၄၄ မဲတို့နှင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။

Source- EU ပါလီမန်တွင် European Parliament declares Russia to be a state sponsor of terrorism ကိုဘာသာပြန်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ